နတ်မြစ်အတွင်း ဘင်္ဂလာလုံခြံုရေးတပ်ဖွဲ့က မူးယစ်မှောင်ခိုသမားတစ်ဦးကို ပစ်သတ်

နတ်မြစ်အတွင်း ဘင်္ဂလာလုံခြံုရေးတပ်ဖွဲ့က မူးယစ်မှောင်ခိုသမားတစ်ဦးကို ပစ်သတ်
by -
နိရဥ္စရာ

ဘင်္ဂလားဒေချ့်- မြန်မာနယ်စပ် နတ်မြစ်အတွင်း မူးယစ် မှောင်ခိုသမား တစ်ဦးကို ဘင်္ဂလာဒေချ့်  မှုခင်းအထူး နှိမ်နှင်းရေး တပ်ဖွဲ့တစ်ခုက အသေပစ်သတ်လိုက်သည်ဟု သတင်း ရရှိသည်။

မတ်လ ၂၀ ရက် ကြာသပတေးနေ့  ညနေ ၄ နာရီခန့်တွင် ဘင်္ဂလာဒေချ့် နိုင်ငံ တက်ကနက်မြို့နယ် နီလာမြို့ အနီး နတ်မြစ်အတွင်း မောင်းနှင်လာသော စက်လှေ တစ်စီးကို ဘင်္ဂလာဒေချ့် လုံခြံုရေး တပ်ဖွဲ့ဝင်များက ဟန့်တားစဉ် မရပ်ဘဲ ထွက်ပြေးသဖြင့် ခေါင်းဆောင် ဖြစ်သူကို ပစ်သတ်လိုက်သည်ဟု သိရသည်။

သေဆုံးသူမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူဟု ယူဆရသူ နရူလ်မူဟာမတ် (၃၈) နှစ် ဖြစ်သည်။

ကော့စ်ဘာဇား အခြေစိုက်မှုခင်းအထူးနှိမ်နှင်းရေး အမှတ် (၃) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် တက်ကနက် အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တချို့ ပူးပေါင်းတပ်ဖွဲ့တို့ သတင်းအရ စောင့်ဆိုင်းနေစဉ် တိုက်ပွဲ ဖြစ်ရာမှ ၎င်းမူးယစ်ခေါင်းဆောင် သေဆုံးသွားသည်ဟု ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားအပြီးတွင် ယူနုစ်ဆိုသူ ဘင်္ဂလီ တစ်ဦးနှင့်အတူ နိုင်ငံခြားလုပ် ပစ္စတိုတစ်လက်၊ လက်လုပ် သေနတ်တစ်လက်၊ ကျဉ်ဆန်တချို့နှင့် စိတ်ကြွဆေးပြား ၃၀၀၀ တို့ကို ဘင်္ဂလာအာဏာပိုင်များက ဖမ်းဆီးရမိသည်ဟု သိရသည်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ နရူလ်မူဟာမတ်ဆိုသူကို ဘင်္ဂလားအာဏာပိုင်များမှ စိတ်ကြွဆေးပြား မှောင် ခိုမှုအပါအဝင် ပြစ်မှုပေါင်း ၁၁ မှုဖြင့် အလိုရှိနေသူဖြစ်ကြောင်း တက်ကနက်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ ပစ်ခတ်မှုဖြစ်တာက ကျွန်တော်တို့ရွာ အောက်ဘက်နည်းနည်းကျတယ်။ ဆေးပြားမှောင်ခိုသမားကို ရပ်ခိုင်း တာကို မရပ်တဲ့အတွက် ပစ်တာ။ တစ်ယောက်သေတယ်လို့ သိရတယ်” နတ်မြစ် အနောက်ကမ်း  မြစ်နားရွာမှ ကျေးရွာသား တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် စိတ်ကြွဆေးပြားမှောင်ခိုသမားအလောင်းကို ကော့စ်ဘာဇား (ဖလောင်းချိတ်) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Most read this week