သျှမ်းပြည် မြောက်ပိုင်း သိန္နီ-ကွန်လုံ ကားလမ်းချဲ့ခင်းဖောက်လုပ်နေမှု ၂ နှစ်ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် မပြီးသေးဘဲ လမ်းတလျှောက်ရှိ ဒေသခံများ၏ နေအိမ်များ၊ ဆိုင်ခန်းများ ဖျက်ပစ်ခံနေရဆဲ ဖြစ်ကြောင်း ဒေသများက ဆိုပါသည်။
“၂၀၁၂ ကတည်းက စတဲ့စီမံကိန်း။ မိုင် ၁၀၀ လောက်မှာ တချို့တဝက် အနည်းအကျဉ်းဘဲ ခင်းပြီးတယ်။ ကတ္တရာလမ်းဗျ။ အရင်က အေးရှားဝေါလ်ကုမ္မဏီက တာဝန်ယူတယ်။ အခုနောက်ပိုင်းတော့ ကားတွေမှာ နာမည်တပ်ထားတာ အစုံပါဘဲ။ နေပြည်တော်စီမံကိန်းတို့ သံလွင်လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးစီမံကိန်းတို့ စာသားတွေ ပါတဲ့ကားတွေလည်း တွေ့ ရတယ်” ဟု ကားဆရာတဦးက ပြောသည်။
အဆိုပါဒေသသို့ရောက်ရှိသည့် မြောက်ပိုင်းသျှမ်းလူငယ်တဦးကလည်း သိန္နီ-ကွန်လုံလမ်းသည် ပေ ၂၀ မှ ပေ ၈၀-၁၀၀ အထိ လမ်းချဲ့သဖြင့် လမ်းနှင့်ကပ်ရက် နေထိုင်သူများမှာ ခြံဝင်း၊ နေအိမ်တို့ကိုပါ ဖျက်ပစ်ရသည်အထိရှိကြောင်း ပြောသည်။
“လမ်းနဲ့ကပ်ရက်ဖြစ်ပြီး နဲနဲလေးမြင့်တဲ့နေရာမှာ ဆောက်ထားတဲ့ အိမ်တွေဆို အဝင်အထွက်လမ်း အတွက် မြေပြန်ညှိဖို့ အိမ်ရှင်ကနေ ကုမ္မဏီကားကိုပြန်ပြီး ပိုက်ဆံပေးငှားရတယ်။ ပြည်သူတွေဘက် ကဘဲ နစ်နာပြီး ရင်းနစ်နာနေတယ်။ ဖုန်မှုန့် တွေ အလိမ်းလိမ်းပေါ့။ ကျန်းမာရေးအတွက် မကောင်းဘူး” ဟု အဆိုပါလူငယ်က ပြောသည်။
သိန္နီမှကွန်လုံလမ်းတလျှောက်တွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိကြောင်း၊ အများစုမှာ သိန္နီမြို့နယ် အတွင်း၌ ပါဝင်ကြောင်း၊ နေအိမ်ထူထပ်သော ကျေးရွာများတွင် အတတ်နိုင်ဆုံး နေအိမ်ရှောင်ရှားကာ လမ်းခင်းနေသော်လည်း လမ်းကွေ့ကောက် လွန်းမှုကြောင့် ဆိုင်ကယ်တိုက်မှု ယာဉ်တိုက်မှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း၊ လမ်းကပ်ရက်ရှိအိမ်များတွင် ကလေးငယ်များရှိပါကလည်း စိုးရိမ်ပူပန်ရပြန်ကြောင်း လူငယ်က ဆက်လက်ပြောပြသည်။
အဆိုပါလမ်းအား ယခုအသည်းအသန် ပြန်လည်ပြင်ဆင်တိုးချဲ့ခင်းကျင်းနေခြင်းမှာ - တရုတ်နိုင်ငံသို့ ကုန်သွယ်ရန်အတွက် အမြန်ဆုံး အတိုဆုံးလမ်းကြောင်းဖြစ်သည်ဟု ပြောဆိုသူများရှိနေသကဲ့သို့ သံလွင်မြစ် ကွန်လုံရေကာတာကြီး တည်ဆောက်ရန် ပစ္စည်း များ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လမ်းခင်းခြင်းဖြစ်သည်ဟု ပြောဆိုသူများလည်း ရှိနေပါသည်။
ဒေသခံကျေးလက်ရွာသားများ နေအိမ်နှင့်ခြံဝင်းများ ဖျက်ဆီးခံရမှု၊ နေရာပြောင်းရွှေ့ခိုင်းခြင်းခံရမှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ်များနှင့် သျှမ်းပြည်နယ်အစိုးရတို့အား ဝင်ရောက်ကူညီဖြေရှင်းပေးစေလို ကြောင်း မြောက်ပိုင်းသျှမ်းလူငယ်များကလည်း ပြောဆိုနေကြပါ သည်။
သျှမ်းလူငယ်က“ဒေသခံတွေ ပြောပြတာတော့ ရွာတွေက အရင်တုန်းကနဲ့ လုံးဝမတူတော့ဘူး။ ရွာကနေ ၃-၄ နှစ်လောက် ခွဲခွာသွားတဲ့သူ တွေဆိုရင် ပြန်လာတဲ့အခါ ရွာကိုမမှတ်မိတော့တဲ့။”ဟု ပြောသည်။
နေအိမ်၊ ဆိုင်ခန်းများ ဖျက်ပစ်ရသည်မှာ နှစ်ကြိမ်တိုင်တိုင်ရှိပြီဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်၌ လမ်းချဲ့ ထွင်ဖောက်လုပ်ရန် စီမံကိန်းရှိသည်ဟုဆိုကာ လမ်းဘေးရှိ နေအိမ်၊ ဆိုင်ခန်းများကို ဖျက်ခိုင်းကြောင်း၊ ဒေသခံများကလည်း နေအိမ်၊ ဆိုင်ခန်း များကို ခြံဝင်းအတွင်းပိုင်းသို့ရွှေ့ဆောက်ကြကြောင်း၊ သို့သော် ထိုစဉ်က လမ်းလာမခင်းဘဲ ၂၀၁၂ ခုနှစ်မှသာ စတင်၍ လမ်းဆမတန်ချဲ့ခင်းသည့်အတွက် စီမံကိန်းနှင့်မလွတ်ကင်းသော ပြန်လည်ဆောက်လုပ်ထားသည့် နေအိမ်၊ ဆိုင်ခန်းတချို့ ထပ်မံဖျက်ပစ်ရ ကြောင်း ဒေသတွင်းလူထု၏ ပြန်လည်ပြောပြချက်အရသိရသည်။