သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာထည့်သွင်းမည်ကို ကမန်ပါတီကန့်ကွက်

သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာထည့်သွင်းမည်ကို ကမန်ပါတီကန့်ကွက်
by -
နိရဥ္စရာ

မတ်လ ၃၀ ရက်နေ့မှ စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါ၀င်သော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာလူမျိုးအဖြစ် အမည်ထည့်သွင်းရန် တောင်းဆိုမှုကို ကမန်အမျိုးသားတိုးတက်ရေးပါတီက မတ်လ ၁၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ နာမည်အား ထည့်သွင်းခြင်းသည် ဥပဒေအရ မကိုက်ညီသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကမန်ပါတီ၏ ပြောခွင့်ရသူ ပြန်ကြားရေးမှူး ဦးသိန်းဖေက နိရဥ္စရာသို့ ပြောသည်။

ဦးသိန်းဖေက“ ရခိုင်ပြည်နယ် သမိုင်းကြောင်းအရရော၊ နိုင်ငံတော် သမ္မတပြောကြားချက်အရရော တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါ၀င်တဲ့ ဘင်္ဂလီလူမျိုးများတွေကို ရိုဟင်ဂျာ လူမျိုးဆိုပြီး ထည့်သွင်းရင် ဒါဟာ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒီအတွက် ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၈ နေ့စွဲဖြင့် ထုတ်ပြန်သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ၏ ကျေညာချက် တွင် ရခိုင်ပြည်နယ် သမိုင်းကြောင်းအရလည်း၎င်း၊ နိုင်ငံတော် သမ္မတပြောကြားချက် အရလည်းကောင်း တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါ၀င်သည့် ဘင်္ဂလီလူမျိုးများ၏ ရိုဟင်ဂျာ လူမျိုးဟု သန်းခေါင်စာရင်း တွင် ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

သူက“ ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာဖြစ်ပါတယ်။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်နှင့်ရခိုင် ပဋိပက္ခအတွင်း  စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်များရှိ ဒေသခံ ကမန်တိုင်းရင်းသားများ၏ နေအိမ် တိုက်တာ အဆောက်အအုံနှင့် ဘာသာရေး အဆောက်အအုံများ တည်ဆောက်ပေးရေးကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခု သန်းခေါင်စာရင်းကောက်ယူမူသည် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး  မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းစတင်ကာ ဧပြီလ (၁၀) ရက်နေ့ထိ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

Most read this week