NCCT မူကြမ်းရေးဆွဲရေးကော်မတီဝင် ၉ ဦး ယနေ့ရွေးချယ်မည်

NCCT မူကြမ်းရေးဆွဲရေးကော်မတီဝင် ၉ ဦး ယနေ့ရွေးချယ်မည်
by -
နိရဥ္စရာ

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရန်အတွက် အစိုးရနှင့် NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် မူကြမ်းရေးဆွဲရေး လုပ်ငန်းအဖွဲ့အတွက် NCCT ဖက်မှ အဖွဲ့ဝင်များကို မတ်လ ၂၀ ရက် ယနေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက နိရဥ္စရာသို့ ပြောသည်။

ပူးပေါင်း မူကြမ်းရေးဆွဲရေး လုပ်ငန်းအဖွဲ့အတွက် ထည့်ရမည့် NCCT ဘက်မှ ကိုယ်စားလှယ် ၉ ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယမန်နေ့ က ပြုလုပ်သော NCCT အစည်းအဝေး ပထမနေ့တွင် ရွေးချယ်နိုင်ခြင်းမရှိခဲ့ဘဲ ယနေ့ ဒုတိယနေ့ အစည်းအဝေးတွင်မှ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ ဒီကနေ့ မရွေးလို့ မရတော့ဘူး။ ရွေးပြီး အလုပ်လုပ်ရတော့မှာကိုး။ NCCT ၁၆ ဦးထဲကပဲ ရွေးမယ်လို့ ပြောတယ်။ မနေ့က ရွေးပုံ ရွေးနည်း လုပ်ပုံလုပ်နည်းတွေနဲ့ လုပ်ရမယ့်အလုပ်တွေ ဆွေးနွေးတာ တစ်ရက်ကုန်သွားတယ်။ မနေ့ က အစီအစဉ်မှာ ရန်ကုန်သွားခဲ့တဲ့ အတွေ့အကြံုတွေကို မသွားဖြစ်တဲ့သူတွေကို ပြန်အစီရင်ခံတာပေါ့။ ၉ ဦးရွေးချယ်မှာတို့၊ အခန်း ရ ခန်းထားမယ့်ကိစ္စတွေ ကျေကျေ လည်လည် ရှိအောင် ပြန်ရှင်းပြနေရတာ။” ဟု ခွန်ဥက္ကာက ဆိုသည်။

ယမန်နေ့ အစည်းအဝေးသို့ ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) မှ ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်း တဦးတည်းသာ တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

NCCT ကို လိုင်ဇာ တိုင်းရင်းသား ညီလာခံ၌ လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မတ်လ ၉ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သော အစိုးရနှင့် NCCT ဆွေးနွေးပွဲတွင် မူကြမ်းရေးဆွဲရန် အတွက် ၁၈ ဦးပါ အဖွဲ့ ဖွဲ့ရန် သဘောတူညီခဲ့ကြပြီး တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး၊ လွှတ်တော်မှ ကိုယ်စားလှယ် ၃ဦး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ၃ ဦး လည်း NCCT ၉ ဦးနှင့်အတူ ပါဝင်မည်ဖြစ်သည်။

ခွန်ဥက္ကာက “ တိုင်းရင်းသား ကိုယ်စားလှယ် ၁၆ ဦးထဲက ၉ ဦးရွေးပြီးရင် ကျန်တဲ့ ရ ဦးက ဘာလုပ်မလဲ စသည်ဖြင့်ပေါ့လေ နည်းလမ်းရှာနေတယ်။ စွမ်းဆောင်နိုင်မှု ရှိမရှိဆိုတာဘဲရွေးရမယ်။ (၁) နိုင်ငံရေးနဲ့ ဥပဒေရေးရာကို အတော််အသင့်နားလည်ရမယ်။ (၂) နယ်မြေ လူမျိုးကို ကိုယ်စားပြုနိုင်ရမယ်။ အဲ့ဒီစံနဲ့ရွေးချယ်မယ်” ဟုပြောသည်။

Most read this week