ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်ကော်မီတီ ပထမအကြိမ်အစည်းအဝေးပြုလုပ်မည်

ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်ကော်မီတီ ပထမအကြိမ်အစည်းအဝေးပြုလုပ်မည်
by -
နိရဥ္စရာ

ရခိုင်အမျိုးသား ပါတီအတွက် ALD နှင့် RNDP  နှစ်ဖက်ပါတီမှ ထည့်သွင်းထားသော ဗဟိုအလုပ်အမူဆောင် ကော်မီတီဝင် (၃၀) ဦး သည် ယခုလ ၂၃ ရက်နေ့တွင် စစ်တွေ၌ ပထမဆုံး အကြိမ် စတင်တွေ့ဆုံကြမည် ဖြစ်ကြောင်း ပါတီသစ်၏ ဗဟိုအလုပ်အမူဆောင် ကော်မီတီဝင် ဦးလှမြင့်က နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော် တစ်ဖက်က ၁၅ ယောက်စီထည့်ထားတဲ့ ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် (၃၀) ဟာ စစ်တွေမှာ ဒီလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမယ် ဖြစ်ပါတယ်။ အဓိကတော့ ပါတီင်္ ရှေ့လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ထိုသို့ ဆွေးနွေးရာတွင် ပါတီအား ဦးဆောင်မည့် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စ၊ (၇) လအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် ရခိုင်အမျိုးသားပါတီ ညီလာခံကိစ္စ၊ ရှေ့လုပ်ငန်းစဉ် အပါအဝင် ကိစ္စရပ် အတော်များများအား ဆွေးနွေးကြမည်ဖြစ်သည်။

“ ပါတီရဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး ဘယ်သူ ဖြစ်လာမလဲဆိုတာကိုလည်း အဲဒီ အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကမှဘဲ ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် အရေးကြီးတဲ့ ပေါ်လစ်ဗျူရိုတွေကို ဘယ်လို ရွှေးချယ်တင်မြှောက်ကြမယ်ဆိုတာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ဦးလှမြင့်က ဆက်ပြောသည်။

မတ်လ ၂၃ ရက်နှင့် ၂၄ ရက်အတွင်း CEC ( ဗဟိုအလုပ်အမူဆောင်ကော်မီတီ) အစည်းအဝေး ပြီးပြတ်ပါက ဆက်လက်ပြီး CC ( ဗဟိုကော်မီတီ) အစည်းအဝေးကို ကိုယ်စားလှယ် (၉၀) ဦးဖြင့် ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီသည် ပေါင်းစည်းလိုက်ပြီး နောက်ပိုင်းမှ စတင်ပြီး ရခိုင်အမျိုးသားအရေးကို အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သူကဆိုသည်။

“ ကျွန်တော်တို့ ပြည်သူနဲ့ သမိုင်းရဲ့ တောင်းဆိုချက်အရ နှစ်ပါတီ ပူးပေါင်းသွားခဲ့ ဖြစ်တယ်။ အဲသလို ပေါင်းစည်းတဲ့ နောက်ပိုင်းမှာ ရခိုင်အမျိုးသား အရေးတွေကို အရင်ကထက် လုပ်ကိုင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရခိုင်အမျိုးသားရေးအတွက် အစွမ်းကုန် ဆောင်ရွက်မယ့် ရခိုင်အမျိုးသားပါတီလို့ဘဲ ပြောပါရစေ” ဟု သူက ပြောသည်။

ယင်းပြင် ရခိုင်အမျိုးသား ပါတီ ( Arakan National Party) သည် လွန်ခဲ့သော မတ်လ (၆) ရက်နေ့ကပင် ALD နှင့် RNDP တို့ကို ဖျက်သိမ်းလိုက်ပြီး ပူးပေါင်းလိုက်သော ပါတီ ဖြစ်သဖြင့် တစ်ပါတီတည်းဖြင့် လုပ်ဆောင်မည့် ပါတီဖြစ်ပါကြောင်း သူက နိဂုံးချုပ်ပြောဆိုခဲ့သည်။

Most read this week