ဒေသတွင်း ကလေး လူငယ်များ အကျင့် စရိုက် ကောင်းမွန်ရန် ရည်ရွယ်ကာ ယဉ်ကျေး လိမ္မာစေရေး အခြေခံ ဗုဒ္ဓဘာသာ သင်တန်းကို သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် အတွင်း တပတ်တကြိမ် ဖွင့်လှစ် သင်ကြား ပေးသွားမည်ဟု နမ့်ခမ်း မြို့ခံများက ပြောသည်။
အဆိုပါသင်တန်းအတွက် ယခုလက်ရှိ ဆရာဖြစ်မွမ်းမံသင်တန်းကို ဇေယျသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်တွင် ဖွင့်လှစ်ပေးနေသည်ဟု ဆိုပါသည်။
“ ဆရာမွမ်းမံသင်တန်းကို အခုလ ၁၆ ရက်က စတာလေ။ ၂၂ ရက်နေ့အထိ ရှိမယ်။ သင်တန်းသား အဖြစ် သံဃာတော်တွေနဲ့ ဒေသတွင်းလူငယ်တွေ စုစုပေါင်း ၁၃၅ ယောက်ရှိတယ်။ အဲဒီနောက်ပိုင်း သင်တန်းဖွင့်ရင် ကျောင်းသားလေးတွေကိုပြန်သင်ပေးနိုင်အောင် ဖြစ်ပါတယ် - ဟု နမ့်ခမ်းမြို့ခံ စိုင်းစိုင်းကပြောသည်။
သင်တန်းဖြစ်မြောက်ရေးအတွက် ဆရာတော် ဦးဓမ္မသိရီ M.A Sri lanka၊ ဆရာတော် ဦးနန္ဒဝံသ M.A Sri lanka ၊ စိုင်းလှအောင် (သစ္စာဘော်ဒါဆောင်)တို့က ကမကထ ပြုခဲ့ကြသည်ဟု ဆိုပါသည်။
“ဓမ္မကျောင်းကိုတော့ ရွာတိုင်းမှာဖွင့်နိုင်အောင် စီစဉ်ထားတယ်။မြို့ထဲဆိုရင်လည်း ကလေးတွေ အတွက် သင့်တော်မယ့်ကျောင်းတကျောင်းကို အကူအညီတောင်းပြီးဖွင့်ပါမယ်။ ဦးဆုံး စဖွင့်မယ့်နေရာ ကတော့ နမ့်ခမ်းမြို့လယ်ဘုရားကျောင်းနဲ့ ဇေယျသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါ့” ဟု ဒေသခံ စိုင်းထွန်းကဆိုပါသည်။
ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းကျောင်းကို နမ့်ခမ်းမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားရန် မတ်ချ်လ ၁ ရက်နေ့ ဇေယျသုခကျောင်းတွင် ကျင်းပသော နမ့်ခမ်းမြို့ တွင်း ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းမှ ဆရာတော်သံဃာတော်နှင့် ဒါယကာများအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
ဗုဒ္ဓဘာသာသင်တန်းတွင် ပို့ချမည့် စာအုပ် ၁၁ အုပ် ရှိသည်ဖြစ်ရာ သျှမ်းဘာသာသို့ ၃ အုပ် ဘာသာပြန် ထားပြီးဖြစ်ကြောင်း၊ သင်တန်းဖြစ်မြောက်လာသည်အထိ စေတနာရှင်အလှူရှင်များထံမှ ကူညီထောက်ပံ့ မှုကို အလှူခံသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ဆီမောက်မိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။