သန်းခေါင်စာရင်းရိုဟင်ဂျာထည့်ခွင့်ပြုမည်ကို ရခိုင်ပြည်နယ် (၁၁) မြို့တွင် ကန့်ကွက်ဆန္ဒပြ

သန်းခေါင်စာရင်းရိုဟင်ဂျာထည့်ခွင့်ပြုမည်ကို ရခိုင်ပြည်နယ် (၁၁) မြို့တွင် ကန့်ကွက်ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ စစ်တွေ အပါအဝင် မြို့ (၁၁) မြို့တွင် သန်းခေါင်စာရင်း ကောက်ယူသောအခါ ဘင်္ဂလီ လူမျိုးနေရာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်အား ထည့်သွင်း အသုံးပြုမည်ကို မတ်လ ၁၆ ရက်နေ့က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက် ဆန္ဒပြခဲ့ကြသော မြို့များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့တို့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်တွေ ဆန္ဒပြပွဲ မြင်ကွင်း (၁၆/၃/၂၀၁၄)

ရိုဟင်ဂျာဆိုသော နာမည်လိမ်အား ထည့်သွင်းခြင်းဖြင့် အနာဂတ်တွင် ရှင်းမရသော ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ယခုကဲ့သို့ ရခိုင်ပြည်နယ် အနှံ့ ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

“ အခုကောက်မယ့် သန်းခေါင်စာရင်းမှာ ဘင်္ဂလီတွေကို ကုတ်နံပတ် ၉၁၄ နဲ့ ရိုဟင်ဂျာလို့ ထည့်သွင်း ကောက်ခံမယ့် ကိစ္စအပေါ် ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့  ဆန္ဒပြရတာ ဖြစ်ပါတယ်။ ခုလို မြန်မာနိုင်ငံမှာ မရှိတဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို ထည့်လိုက်ခြင်းအားဖြင့် သူတို့ဟာ တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးအဖြစ် တောင်းဆို လာမယ်။ အဲဒီကနေ တဆင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဲဒါတွေကို ဆက်တိုက် တောင်းဆိုလာမယ့် အန္တရာယ်က ရှိနေပါတယ်။ ရိုဟင်ဂျာတွေကို ထည့်သွင်းလိုက်တာနဲ့ နောင်မှာ နိုင်ငံတော် အနေနဲ့ ရှင်းလို့ မရအောင်ထိ ပြဿနာ ဖြစ်လာနိုင်တာကြောင့် ခုလို ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းပြင် နိုင်ငံတော် သမ္မတကြီး အပါအဝင် ပြည်ထောင်စု ၀န်ကြီးတွေကအစ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ လူမျိုးမရှိဟု ပြောဆိုထားကြောင်း၊ ရိုဟင်ဂျာဆိုတာ ဘင်္ဂလာဒေချ့်က လာတဲ့ ဘင်္ဂလီများသာဖြစ်ကြောင်း၊ ယခုအခါ ပြည်ပတွင် ရောက်ရှိနေသော ဘင်္ဂလာဒေချ့်မှ သွားသော ဘင်္ဂလီများမှာ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတို့တွင် လူသားချင်းစာနာသော အထောက်အကူနှင့် အခွင့်အရေးရရှိရန် အတွက် နာမည်လိမ် ရိုဟင်ဂျာဟု ခံယူကြကြောင်း၊ ရိုဟင်ဂျာ လူမျိုးကို အသိအမှတ်ပြုလိုက်ပါက ထိုပြည်ပတွင် ရောက်ရှိနေကြသော ရိုဟင်ဂျာများ အရေးကို မြန်မာနိုင်ငံ အနေဖြင့် တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ သို့အတွက် တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးကြောင်း ဦးသန်းထွန်းက ဆက်ဆိုသည်။

ယခုကဲ့သို့ တောင်းဆိုကန့်ကွက်မူကို တာဝန်ရှိသူများက မလိုက်လျော့ပါက လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ ကောက်ခံမည့် သန်းခေါင်စာရင်းကို ရခိုင်ပြည်နယ်တွင် သပိတ်မှောက်သွားမည်ဟု ပုဏ္ဍားကျွန်းမြို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစံရွှေကျော်က ပြောသည်။

“ ကျွန်တော်တို့က ဒီလို သန်းခေါင်စာရင်း ကောက်တဲ့အခါ ဘယ်နာမည် မဆို ထည့်နိုင်တယ်ဆိုပြီး ရိုဟင်ဂျာဆိုတဲ့ မရှိတဲ့ နာမည်ကို ထည့်ခွင့်ပြုလိုက်ရင် တရားဝင် အစိုးရ သန်းခေါင်စာရင်း ဖြစ်တဲ့ အတွက် နောင်မှာ အတည်ဖြစ်သွားနိုင်တယ်။ ဒီအတွက် တစ်နိုင်ငံလုံး ရှေ့ရေးကို မျှော်တွေးပြီး ကျနော်တို့က တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုတာကို မျက်ကွယ်ပြုပြီး ရိုဟင်ဂျာနာမည်ကို ထည့်ခွင့်ပြုမယ်ဆိုရင် လာမယ့် သန်းခေါင်စာရင်း ကောက်ယူမူကို ရခိုင်ပြည်နယ်မှာ သပိတ်မှောက်သွားပါမယ်” ဟု သူက ဆိုသည်။

ယမန်နေ့က စစ်တွေတွင် ပြုလုပ်သော ဆန္ဒပြပွဲအား လူပေါင်း သောင်းနှင့် ချီပြီး ပူးပေါင်းပါ၀င်ခဲ့ကာ “ရိုဟင်ဂျာကို လက်ခံသူ ဒို့ရန်သူ၊ ရိုဟင်ဂျာကို ဖေါ်ထုတ်သူ- သစ္စာဖေါက်၊ ရခိုင်ပြည်သမိုင်းမှာ ရိုဟင်ဂျာဆိုတာ လုံးဝ မရှိ၊ သမိုင်းလိမ်ရိုဟင်ဂျာ- မောင်းထုတ်ပစ်၊ သန်းခေါင်စာရင်းကောက်တာမှာ ရိုဟင်ဂျာကို – လက်မခံ၊ သမ္မတ ဦးသိန်းစိန် အစိုးရ – ရခိုင်သားကို အားနာပါ၊ ရခိုင်ပြည်ကို လာမထိနဲ့ မီးပွင့်ဖို့၊ မီးပွင့်ဖို့၊ ငြိမ်းချမ်းရေး- ငြိမ်းချမ်းရေး ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ ငါတို့ ရန်သူ” စသဖြင့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒ္ဒပြခဲ့ကြသည်။

Most read this week