မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဆက်ဆံရေးရုံး သုံးရုံးကို ၂၀၁၄ ခုနှစ် မေလအတွင်းတွင် ဖွင့်လှစ်သွားမည်ဟု ABSDF၏ ဗဟိုဦးဆောင် ကော်မတီဝင် ဆလိုင်းယောအောင်က မဇ္စျိမကိုပြောသည်။
ဆက်ဆံရေးရုံးများကို မြစ်ကြီးနား၊ ကလေး-တမူး၊ ဘုရားသုံးဆူတို့တွင် မေလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကာ လွိုင်ကော်တွင်လည်း ဖွင့်ရန် လျာထားသည်ဟု ဆလိုင်းယောအောင်က ဆိုသည်။
ဆလိုင်းယောအောင်က “ နယ်စပ်ဆက်ဆံရေးရုံးတွေမှာ ကျောင်းသားတပ်မတော်က သီးသန့်ရုံး ထိုင်မှာပါ။ အခြားတိုင်းရင်းသားအဖွဲ့စည်းတွေ မပါဝင်ပါဘူး။ ကျောင်းသားတပ်မတော်က ရဲဘော်တွေ သက်ဆိုင်ရာ နယ်မြေတွေထဲကို ခရီးသွားလာတဲ့အခါ တစ်ဖက်က ဒေသအာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင် ရတဲ့အခက်အခဲတွေကို ဆက်ဆံရေးရုံးတွေကဖြေရှင်းပေးမှာပါ" ဟု ပြောသည်။
ABSDF ဌာနချုပ်ရှိရာ ကရင်ပြည်နယ် အတွင်းရှိ ဒေါင်းတမန် စခန်းတွင် ဆယ်ကြိမ်မြောက် ညီလာခံပိတ်ပွဲကို မတ် ၁၅ရက်တွင် ပြုလုပ်ပြီးနောက် ၎င်းက မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခြင်းဖြစ်သည်။ အဆိုပါ ရုံးများမှတ ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။
ကျောင်းသားတပ်မတော် (ABSDF)၏ ပထမဆုံး နယ်စပ်ဆက်ဆံရေးရုံးကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အတွင်းက မြဝတီတွင် ဖွင့်လှစ်ထားခဲ့သည်။
ABSDF သည် ၂၀၁၃ခုနှစ်၊ သြဂုတ်လအတွင်းက ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကိုလက်မှတ်ရေး ထိုး ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၁ ကို ဘုရားသုံးဆူ၊ တပ်ရင်း၂,၃,၇,၉ ကိုကရင်ပြည်နယ်၊ တပ်ရင်း ၄ ကို ကယားပြည်နယ်၊ တပ်ရင်း ၅ ကို ချင်းပြည်နယ်နှင့် အခြား တပ်ရင်းများလည်း ရှိသေးသည်။
ABSDF အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ၏ နယ်မြေများအတွင်းအစိုးရတပ်များ အင်အားတိုး ချဲ့ ချထားခြင်းကို ရပ်ဆိုင်းပေးရန်ဆွေးနွေးထား သည့် အဖွဲ့အစည်းဖြစ်သည်။
ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က “ ကချင်ပြည်နယ်မှာ ရန်သူနဲ့ ရင်ဆိုင်ထားတဲ့ ခံစစ်စည်းရှိ တယ်။ တစ်ဖက်က ချိုးဖောက်ပြီးလာတိုက်ခဲ့ရင် ခံစစ်ပဲရှိမှာပါ။ ထိုးစစ်ဆင်ဖို့ကိစ္စတွေ ရပ်ဆိုင်းထားတယ်”ဟု ပြောသည်။
ABSDF အနေဖြင့် အစိုးရနှင့် ပူးပေါင်းပြီး နယ်ခြားစောင့်တပ် ဖွင့်လှစ်မည့် အစီအစဉ် မရှိဟု ကျောင်းသား တပ်မတော်ဥက္ကဋ္ဌ ဦးသံခဲက ညီလာခံ ပိတ်ပွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သေးသည်။ ABSDF သည် ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစိုးရနှင့် သဘောတူညီမှုရယူကာ မြန်မာပြည်တွင်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့်ရခဲ့သည်။