ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့က အသီးသီးရေးဆွဲတင်သွင်း သော အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် အဆင့်မြင့်ပညာရေး ဥပဒေတို့ကို ယနေ့ (မတ်လ ၁၄ရက်)ကျင်းပသော ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေးက ဆက်လက်ဆွေးနွေးရန် လိုက်ခံလိုက်ပြီဟု ၎င်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းက မဇ္စျိမကို ပြောသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်းသည့် ဥပဒေကြမ်းတွင် သင့်လျှော်သော တက္ကသိုလ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပါအဝင် ကျောင်းတွင်းပညာရေး သာမက ကျောင်းပြင်ပ ပညာရေးအတွက်ပါ ဆက်စပ် ရေးဆွဲထားသည်ဟုလည်း ဒေါက်တာချမ်းငြိမ်းက ပြောသည်။
“အခု အမျိုးသားပညာရေးဥပဒေက အရင်လိုမဟုတ်ဘူး။ အခြေခံရော၊ အဆင့်မြင့်ပါ ဆက်စပ်မှုရှိတယ်၊ ဒါ့အပြင် ကျောင်းပြင်ပ ပညာရေးတွေပါပါတယ်၊ ဥပမာ၊ လေးတန်းမအောင်တဲ့ ကလေးတွေကို အသက်မွေး ဝမ်းကျောင်းပညာသင်ပေးမယ်၊ ဒါတင်မဟုတ်ဘူး။ ကျောင်းပြင်ပ ပညာရေးနဲ့ အလယ်တန်းအောင်တဲ့အထိ သင်ပေးမယ်၊ ပြီးရင် သက်ဆိုင်ရာ ဒီပလိုမာတွေဆက်တက်ဖို့ပါ ပါတယ်။ နောက်ပြီး အခုဥပဒေမှာ ရထားတဲ့ ဘွဲ့နဲ့ အပြင်အလုပ်တွေ ဆက်စပ်အောင် ထည့်ရေးထားတယ်၊ သင့်တော်တဲ့ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ် ချုပ်ခွင့်တွေ ပေးဖို့ပါ ထည့်ရေးထားတယ်” ဟု ဒေါက်တာချမ်းငြိမ်းက ပြောသည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းသည့် အမျိုးသားပညာရေးဥပဒေကြမ်းနှင့် အဓိက ကွာခြားချက်အပေါ် မေးမြန်းသည်ကို ၎င်းက “အုပ်ချုပ်ရေးပိုင်းပါပဲ၊ အရင်ကလို ဝန်ကြီးဌာနကနေ ဗဟိုဦးစီး စနစ်မျိုးမရှိ တော့ဘူး၊ ဟိုတက္ကသိုလ်ကို ဘာလုပ်ပါ၊ ဒီတက္ကသိုလ်ကို ဘာလုပ်ပါ ဆိုတာမျိုးမရှိ တော့ဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ချပေးဖို့အထိပါတယ်။ အဲဒီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ အတူ တာဝန်ယူမှု တာဝန်ခံမှုတွေလည်း ပူးတွဲပါလာပါမယ်”ဟု လည်း ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၁၂ခုနှစ်၊ ပြည်သူ့လွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးများအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာချမ်းငြိမ်း စသည့် အမျိုးသားပညာရေး မြှင့်တင်လိုသူ လွှတ်တော်ကိုယ်စားလှယ်အများစုတို့ ပါဝင် ဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များ အားလုံးကပင် အဆိုပါ အမျိုးသားပညာရေး ဥပဒေ ပေါ်ပေါက်လာရေးအတွက် ထောက်ခံခဲ့ကြပြီး ပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားနှင့် မိဘများ၊ တာဝန်ရှိသူများပါဝင်သည့် အလုပ်ရုံပွဲ အမြောက်အမြား ကျင်းပပြီးနောက် ယခုကဲ့သို့ ဥပဒေကြမ်းနှစ်ခု ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုနှစ်ခုကို တစ်ကြိမ်တည်း ပူးပေါင်းဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထူးခြားစွာတင်ပြခဲ့ရာ လွှတ်တော်ကလည်း သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။