အမေရိကန်နိုင်ငံရေးသံအရာရှိ တောင်ကုတ်ဒေသခံများအား တွေ့ဆုံ

အမေရိကန်နိုင်ငံရေးသံအရာရှိ တောင်ကုတ်ဒေသခံများအား တွေ့ဆုံ
by -
နိရဥ္စရာ

ရန်ကုန် အမေရိကန်သံရုံးမှ နိုင်ငံရေး သံအရာရှိ Mr.Clint Fenning သည် မတ်လ ၁၁ ရက်နေ့က တောင်ကုတ် မြို့သို့ ရောက်ရှိလာပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသွားခဲ့သည်ဟု တောင်ကုတ်မြို့ ရခို်င် လူမှုကွန်ယက် တာဝန်ခံ ကိုဇေယျာကျော်က ပြောသည်။

ယင်းနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့ရှိ RNDP ရုံးခန်းတွင် မြို့နယ်အဆင့် ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး  နေ့လယ်  ၁ နာရီ မှ ၃ နာရီထိ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး အပါ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ကုတ်မြို့မှာ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျောက်တောင် တို့နှင့် တွေ့ဆုံ ဆွေးနွေးသွားခဲ့သည်ဟု သူကဆိုသည်။

ညနေ ၄ နာရီတွင် ဓမ္မအဓိပဓိ စာကြည့်တိုက်တွင် တောင်ကုတ်မြို့မှ ရခိုင်လူမှုကွန်ယက် ၊ တောင်ကုတ် သွေးလှူရှင်များအသင်း ၊ နာရေးကူညီမှုအသင်း အပါအဝင် မြို့မိ မြို့ဖ ပေါင်း ၅၀ ကျော်တို့နှင့် တွေ့ဆုံကာ ဒေသတွင်း အခြေအနေများကို အလေးထားဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးစဉ် တောင်ကုတ်ဒေသခံများက မေးခွန်းများလည်း မေးမြန်းခဲ့ကြသည်ဟု RNDP ပါတီဝင် ဦးစောဝင်းက ပြောကြားသည်။

ဦးစောဝင်းက “ အဓိက သူ့ကို ဘယ်မေးခွန်းတွေ မေးကြသလဲဆိုရင် ရခိ်ုင်ကိစ္စမှာ မပါမပြီးတဲ့ ဘင်္ဂလီ ကိစ္စပါ။ အမေရိကန် သမ္မတ မစ္စတာ အိုဘားမား မြန်မာပြည်ကို လာရောက်စဉ်မှာ  မြန်မာအစိုးရ ကိုယ်တိုင် လက်မခံတဲ့  ရိုဟင်ဂျာ အသုံးအနှုန်းကို သုံးသွားတယ်။ ဒီအသုံးအနှုန်းတွေကြောင့် ရခိုင်ပြည်မှာ ပြဿနာတွေ ကြီးထွားမှန်းမသိ ကြီးထွားနေတယ်။ ဒီစကားလုံးကြောင့် ပဋိပက္ခတွေ ကြီးထွားလာရတယ်။ ဘာလို့ ကမ္ဘာခေါင်းဆောင် တစ်ဦးက ဒီလို အငြင်းပွားနေတဲ့ စကားလုံးကို သုံးရတာလဲလို့ မေးကြပါတယ်။”

၎င်းအသုံးအနုန်းမှာ အများက အသုံးပြုနေသော စကားလုံးဖြစ်သဖြင့် သုံးနှုန်းရခြင်း ဖြစ်ကြောင်း ပြောကြားသွား သည်ဟု သူက ဆက်ပြောသည်။

“ ဒီစကားလုံးကို သုံးနုန်းရတာက အများသုံးနေတဲ့ အတွက် သုံးနှုန်းရတာ ဖြစ်တယ်။ နောက်ဆို ဒီအသုံးအနှုန်း ကို ရှောင်ပါမယ်လို့ ကတိပေးသွားပါတယ် “ ဟု သူက ဆက်ပြောဆိုသည်။

အမေရိကန် နိုင်ငံရေး သံအရာရှိနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးပွဲမှာ တံခါးပိတ် ဆွေးနွေးပွဲ ဖြစ်သဖြင့် မည်သည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်ကို မသိရှိရကြောင်း ဦးဇေယျာကျော်မှ ပြောကြားသွားသည်။

အမေရိကန် နိုင်ငံရေး သံအရာရှိ Mr.Clint Fenning ကလည်း အဖွဲ့အစည်းတွေမှာ ရန်ပုံငွေများ ရှာဖွေပုံ နှင့် ငွေကြေးအသုံးပြုပုံများကိုလည်း မေးမြန်းသွားခဲ့သည်ဟုသိရှိရသည်။

Most read this week