အရှင် ဦးဝီရသူအား ပေါက်တောမြို့တွင် ရခိုင်စည်တော်တီးကြိုဆို

အရှင် ဦးဝီရသူအား ပေါက်တောမြို့တွင် ရခိုင်စည်တော်တီးကြိုဆို
by -
နိရဥ္စရာ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်း နာယက ဆရာတော် ဦးဝီရသူသည် မတ်လ ၁၁ ရက်နေ့ နံနက်က ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ကြွရောက်လာရာ  ဒေသခံများက ရခိုင်စည်တော်တီး၍ ကြိုဆိုခဲ့ကြသည်။

သွားရောက်ကြိုဆိုခဲ့သူတက္ကသိုလ်ကျောင်းသားတစ်ဦးက“ ဆရာတော်က ဒီကနေ့ နံနက် (၈)နာရီ (၃၀)မိနစ်ခန့်မှာ  သံဃာတော်(၁)ပါး၊  တပည့်တကာ (၁၃)ဦးနဲ့ အတူ ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ အတူ ပေါက်တောမြို့ကို ရောက် ရှိလာခဲ့ပါတယ်။ ဆရာတော်ကို ရခိုင်မင်္ဂလာစည်တော်တီးပြီး ကြိုဆိုခဲ့ကြပါတယ်။ စည်တော် ခုနှစ်လုံးကို တပြိုင်တည်းတီးတော့ ကျွန်တော်က ကြက်သီး မွှေးညင်းတွေပါ ထကုန်ပါတယ်” ဟု ဆိုသည်။

ရခိုင်မင်္ဂလာစည်တော်အား ယခင်က ရခိုင်ဘုရင်များ၏ မင်းခမ်းမင်းနားများတွင် တီးခတ်လေ့ရှိပြီး လက်ရှိ ခေတ်တွင် နိူင်ငံတော် အကြီးအကဲများနှင့် လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်ကျော်များ လာရောက်စဉ်တီးခတ်ကြိုဆို လေ့ရှိသည်။

ယင်းကဲ့သို့ စည်တော်တီး ကြိုဆိုခြင်းသည် အရှင်ဝီရသူအား ရခိုင်လူမျိုးများက အလေးအမြတ်ထားမူ သင်္ကေတကို ပေါ်လွှင်စေသည်ဟု သူက ဆိုသည်။

အရှင် ၀ီရသူသည် နေ့လည် (၁)နာရီခွဲတွင် ပေါက်တောမြို့ ဗုဒ္ဒသာသန ဓမ္မဗိမာန်တော်အတွင်းပေါက်တော မြို့သူ မြို့သား (၃၀၀)ခန့်အား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး တရားများ ဟောကြားခဲ့သည်။

၎င်းနောက် အရှင် ၀ီရသူသည် ပေါက်တောမြို့ဒေသခံများ ၀ိုင်းရံလိုက်ပါလျှက် ပေါက်တောမြို့ဘဝမ်းဘုန်း တော်ကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး ယင်းကျောင်းရှိ စာသင်ကျောင်းမှ  ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသား ကလေးငယ်များအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်ဟု ဆရာ ဦးကျော်နိုင်က ပြောသည်။

ယင်းအပြင် ဦးဝီရသူသည် မဘသအဖွဲ့ဝင်ဆရာတော်များ၊ပေါက်တောမြို့ပေါ်ရှိ လူမှုကွန်ယက်များ၊ ပေါက်တော ဒေသခံမီဒီယာ သမားများနှင့် ဘဝမ်းဘုန်းတော်ကြီးကျောင်တိုက်တွင် တွေ့ဆုံခဲ့သည်။ ယင်းနောက် လိုအပ်သလို အသုံးပြုနိုင်ရန် အတွက် ဒီဂျစ်တယ်ကင်မရာ တစ်လုံးကိုလည်း ပေါက်တော မဘသ ဥက္ကဌ ဆရာတော်ထံ အပ်နှံလှူဒါန်းခဲ့သည်။

ဆရာတော် အရှင် ၀ီရသူသည် နေ့လယ် ၂ နာရီ မိနစ် ၂၀ တွင်  စစ်တွေမြို့သို့ ပြန်လည်ကြွချီသွားကြောင်း သိရသည်။

Most read this week