တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းကို အခန်း(၇)ခန်းဖြင့် ပူးတွဲပြုစု ရေးဆွဲမည်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းကို အခန်း(၇)ခန်းဖြင့် ပူးတွဲပြုစု ရေးဆွဲမည်
by -
နိရဥ္စရာ

မတ်လ ၁၀ရက်နေ့က ဒုတိယမြောက်နေ့အဖြစ် ပြုလုပ်သော  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့  မြန်မာငြိမ်းချမ်းရေးစင်တာ၌ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ သဘောတူညီမူ ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပူးတွဲ သတင်းထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲဲ့ရာ ၎င်းသဘောတူညီချက် ရရှိခဲ့ခြင်းကို ထည့်သွင်း ဖေါ်ပြထားသည်။

min sat khaing

တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခု (Single Text) ရရှိရေးကို ဆွေးနွေးခဲ့ကြပြီး တစ်ဖက်မှ ၉ ဦးစီဖြင့် မူကြမ်းရေးဆွဲရေး အဖွဲ့ ဖွဲ့ရန် အဆိုပါနေ့တွင် သဘောတူညီခဲ့ကြသည်ဟုဆိုသည်။

“ မူကြမ်းရေးဆွဲမယ့် ကော်မတီထဲမှာ NCCT ဖက်က ဘယ်သူတွေပါလဲဆိုတာ ကျနော်တို့ ပြောလို့ မရသေးပါဘူး။ ပြန်ရောက်မှပဲ NCCT အစည်းအဝေး ထိုင်ပြီးမှပဲ ဆုံးဖြတ်ရမှာပါ။ အစိုးရဘက်ကလည်း တိတိကျကျတော့ ပေးထားတာမရှိသေးဘူး။ ဥပမာ အစိုးရဘက်ကဆိုရင်တော့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ပေါ့နော်” ဟု တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်သည့် KNU ဗဟိုကော်မတီဝင် စောတာဒိုမှူးက နိရဥ္စရာသို့ ပြောသည်။

ယခုကဲ့သို့ မူကြမ်းရေးဆွဲရေအဖွဲ့ ဖွဲ့ရခြင်းနှင့်ပတ်သက်၍လည်း စောတာဒိုမှူးက “ ကျနော်တို့ အခု မူကြမ်းရေးဆွဲရေး ကော်မတီ ဖွဲ့ဖြစ်တာက Document ၂ခုနဲ့ ပြိုင်သွားလို့ မရဘူးလေ။ နောက်ဆုံးကျတော့ ကျနော်တို့ အဖွဲ့ ၂ခုဟာ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေဘက်ကနဲ့ အစိုးရဘက်က နောက်ဆုံး တစ်နိုင်လုံး အပစ်ရပ်စဲရေး စာချုပ်ဟာ တစ်ခုတည်း ဖြစ်ရမှာကိုး။ ဒါပေမယ့် လောလောဆယ်က သူ့ Proposal (တင်ပြချက်) ကိုယ့် Proposal ရှိနေတဲ့အပေါ်မှာ အဲဒီ ၂ခုထဲက ပေါင်းပြီးတော့ တစ်ခုတည်း လုပ်ဖို့ ဆိုတာ ကျနော်တို့ နဂိုကတည်းက အဲဒီ ရည်ရွယ်ချက် ရှိထားကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သော အဆိုပါ ပူးတွဲ သတင်းထုတ်ပြန်ချက်ပါ အခန်း (၇)ခန်းမှာ – အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း (၆) ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အခန်း (၇) အထွေထွေ တို့ ဖြစ်ကြသည်။

NCCT နှင့် ဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့တို့ နောက်ထပ် တစ်ကြိမ်အဖြစ် မတ်လ နောက်ဆုံးအပတ်တွင် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ကြားခရီးစဉ်တခုကြောင့် ရက်ရွှေ့လိုက်ရကြောင်း ရက္ခိုင့်တပ်မတော်မှ ဒုဗိုလ်မှူးကြီးကျော်ဟန်က နိရဥ္စရာသို့ ပြောသည်။

‘အစိုးရအဖွဲ့နဲ့ ဒီလ နောက်ဆုံးအပတ် မှာ ထပ်တွေကဖို့ ပြောထားပါတယ်။ ဒါပေမယ့် ခုနားကပဲ ကိစ္စတချို့ပေါ်လာလို့ ရက်ပြောင်းမယ်ဆိုပြီးတော့ ပြောလာပါတယ်။ ဘယ်နေ့ဖြစ်မလဲတော့ အခုလောလော ဆယ် မပြောတတ်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

မူကြမ်းရေးဆွဲရေး ကော်မတီအတွက် NCCT ဘက်မှ ကိုယ်စားလှယ်များကို မတ်လ ၁၉/၂၀ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် NCCT အစည်းဝေးတွင် ရွေးချယ်ဖြစ်လိမ့်မည်ဟု ရက္ခိုင့်တပ်မတော်မှ ဒုဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

မတ်လ ၉ရက်နေ့က ဆွေးနွေးပွဲတွင် မူကြမ်းရေးဆွဲရန်အတွက် တစ်ဖက် ၉ဦးစီပါဝင်သည့် ၁၈ဦးပါ အဖွဲ့ ဖွဲ့ရန် သဘောတူညီခဲ့ကြပြီး အစိုးရဘက် ၉ဦးမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ဦး၊ လွှတ်တော်မှ ကိုယ်စားလှယ် ၃ဦး၊ အစိုးရဘက်မှ ၃ဦး ပါဝင်မည်ဖြစ်သည်။

ယခုတွေ့ဆုံဆွေးနွေးပွဲကို အစိုးရဘက်မှ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ မှ ဒု ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့ဝင် ၁၅ဦးနှင့် NCCT ဘက်မှ ဦးနိုင်ဟံသာ အဖွဲ့ခေါင်ဆောင် (၁) ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

Most read this week