ရခိုင်အမျိုးသားပါတီ ANP ပါတီဖွဲ့စည်းတည်ထောင်ခွင့်ရပြီ

ရခိုင်အမျိုးသားပါတီ ANP ပါတီဖွဲ့စည်းတည်ထောင်ခွင့်ရပြီ
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ (Arakan National Party) တည်ထောင်ခွင့်ကို ယမန်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံရွေး ကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က အတည်ပြုပြောကြားသည်။

ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ပြုကြောင်း ဖုန်းနှင့် ဆက်သွယ်အကြောင်းကြားလာခြင်း ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ယခုကဲ့သို့ပြောသည်။

anp announce

“ ဟုတ်ပါတယ်။ မနေ့က ညနေ ၃ နာရီကျော်မှာ ရွေးကောက်ပွဲကော်မရှင်က RNDP ပါတီနဲ့ ALD ပါတီကို ဖျက် သိမ်းခွင့်ပြုပြီး ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ပြုတယ်လို့ အကြောင်းကြားလာပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသားပါတီဖွဲ့စည်းခွင့်ကျလာသည့်အတွက် ယခင်ကထက်လုပ်စရာပိုများလာပြီး အစစ အရာရာ ဆင်ခြင်သတိထားဖို့လိုလာကြောင်းလည်း ဒေါက်တာအေးမောင်က ပြောသည်။

“ ရခိုင်အမျိုးသားပါတီ တခုတည်းဖြစ်လာတဲ့အချိန်မှာ ဥပဒေဘောင်အထဲက သေသေချာချာ သွားဖို့လိုလာ တယ်။ အပြောအဆိုကအစ စီစစ်သုံးသပ်ဖို့လိုလာတယ်။ တစ်ခုတည်းသော အမျိုးသားပါတီကို ကျွန်တော်တို့ အဖျက်သိမ်းမခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့မှာ စည်းလုံးမှု ပိုလိုလာတယ်။ တကယ်စစ်မှန်တဲ့ ရခိုင်အမျိုး သားပါတီတစ်ခုလုပ်ဖို့ ကျွန်တော်တို့မှာ လိုလာပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ခွင့်ပြုချက်ကျလာခြင်းသည် ရဟန်းရှင်လူ ပြည်သူများနှင့်လက်တွဲပြီး  ရခိုင်ပြည်နှင့် နိုင်ငံရေး အနာဂတ်ကို နည်းမှန်လမ်းမှန် တစ်ဆင့်ချင်း တည်ဆောက်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်မှ ပထမဆုံး ခြေလှမ်းအဖြစ် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သူကပြောသည်။

ANP ပါတီအနေနှင့် ပထမဆုံး လုပ်သင့်သည့် လုပ်ငန်းတချို့ကိုလည်း ဒေါက်တာအေးမောင်က ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ ပထဆုံးလုပ်သင့်တာက နယ်တချို့မှာ RNDP-ALD ရုံးတွေရှိတယ်။ ဒါတွေကို ရခိုင်အမျိုးသား ပါတီရုံးတွေဖြစ်လာအောင် အချိန်တခုသတ်မှတ်ပြီး လုပ်သင့်တယ်။ ကျွန်တော်တို့ ANP ပါတီမှာပါတဲ့ ပုဂ္ဂိုလ် တွေ အစုအစုဖွဲ့ပြီး စည်းရုံးရေးဆင်းပြီးတော့ ANPကို ပြည်သူတွေနဲ့စတင် ထိတွေ့ပေးသင့်တယ်။ ပြီးတော့ ANP ပါတီအပြင် တတိယအင်အားစု တခုကိုဖိတ်ခေါ်ပြီး အားလုံးသော မြို့နယ်တခုစီ ရခိုင်အမျိုးသား ပါတီဝင် အဖြစ် အသိမှတ်ပြုပြီး အဲဒီလူတွေက တင်မြောက်တဲ့ ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်မှုဆောင် အဖွဲ့ကို တင်မြောက်နိုင်မယ်။ အဲဒီ တင်မြောက်တဲ့ကိုယ်စားလှယ်တွေထဲက လာမည့် ပထမဆုံး ရခိုင်အမျိုးသား ညီလာ ခံကို တက်ရောက်ဖို့ မြို့နယ်ကိုယ်စားပြု ကိုယ်စားလှယ်တွေကို အချိန်တိုအတွင်းမှာ လုပ်ပေးရမှာ ဖြစ်တယ်။”

ယခုကဲ့သို့ ရခိုင်အမျိုးသားပါတီ ဖြစ်ပေါ်လာရန်အတွက် အဘက်ဘက်မှ တွန်းအားပေးတောင်းဆိုခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများကိုလည်း ကျေးဇူးတင်ကြောင်း ဒေါက်တာ အေးမောင်က ယခုကဲ့သို့ ဆက်ပြောသည်။

“ ကျွန်တော်တို့ ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေဟာ ကျွန်တော်တို့ထက် အများကြီး နိုင်ငံ ရေး အမြင်ရှိပါတယ်။ ပြည်သူတွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေ၊ နိုင်ငံရေးဝါရင့်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့အတွေ့အကြံုတွေအများကြီးရှိတယ်။ ရခိုင်အမျိုးသား ပါတီတည်ထောင်နိုင်အောင် အကြံ ပေး တိုက်တွန်း တောင်းဆိုတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့လည်း ခြေလှမ်းမှန်မှန်နဲ့ လှမ်း ပြီး နောက်တက်လာမဲ့ မျိုးဆက်သစ်တွေကို လက်ပြောင်းလက်လွဲ လုပ်နိုင်မယ်လို့လည်း ကျွန်တော်ယုံ ကြည်ပါ တယ်။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကိုဖျက်သိမ်းပြီး ရခိုင် အမျိုးသားပါတီ (ANP) တည်ထောင်ရန် နှစ်ဘက်ပါတီခေါင်းဆောင်များက ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

Most read this week