အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား လက်ရှိဆွေးနွေးနေသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်း အလားအလာကောင်းဖို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ညီညွတ်ရန်လိုသည် ဟု NCCT မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ငြိမ်းချမ်းရေးအတွက် ရ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖိုရမ်တွင် ဆွေးနွေးပြောဆိုသည်။
မတ်လ ၃ ရက်တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော အဆိုပါဖိုရမ်တွင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “နိုင်ငံရေး ဆွေးနွေးပွဲ အားလုံး ညီညီညာညာသွားမှ တစ်နို်င်ငံလုံး အပစ်ခတ်ရပ်စဲရေးရမှာ။ တစ်ပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေး မူကြမ်း အလားအလာကောင်းမယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဒေသမှာ ပြေပြေလည်လည် ဖြစ်မယ်လို့ ယူဆတယ်” ဟု ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ချင်း ဆွေးနွေးတာ ထက် အားလုံးစုပေါင်းဆွေးနွေးမည်ဆိုလျှင် ယခုအချိန်တွင် တစ်နို်င်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးလောက်ပြီဟု ၎င်းကဆိုသည်။ သို့သော် အစိုးရဘက်ကဘက်မှ အဖွဲ ့ဝင်များက တိုင်းရင်းသားအဖွဲ့များမှာ တစ်ဖွဲ ့နှင့်တစ်ဖွဲ့ နေရာဌာန မတူကြသည့်အတွက် တစ်ဖွဲ့ချင်းပဲ ဆွေးနွေးသွားမည်ဟု ပြန်လည်ပြောကြားကြောင်းဆိုသည်။
“သို့သော် အယူအဆကွဲတာက ကျွန်တော်တို့က တပ်ပေါင်းစုနဲ့ ဆွေးနွေးမယ်။ တစ်ကြိမ်တည်းဆွေးနွေးမယ်။ ပြည်နယ်အဆင့် မသွားဘူး။ ပြည်ထောင်စုအဆင့် တစ်ခါတည်းဆွေးနွေးမယ်။ ဘာကြောင့်ပြောလဲဆိုတော့ အဲဒီတုန်းက ပြည်နယ်အစိုးရနဲ့ တစ်ပြိုင်တည်း ဆွေးနွေးလိုက်ရင် အချိန်ကုန်သက်သာတယ်။ အဲဒီတုန်းကသာ အဆိုအောင်မြင်ခဲ့ရင် အခုဆိုရင် တစ်ပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေးသာမက နိုင်ငံရေးဆွေးနွေး ပွဲကိုပါရောက်နေပြီ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသို့ သွားနေချိန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား ဆွေးနွေး လျက်ရှိသော နှစ်ဘက်စလုံး၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းများမှာ ၆ဝ ရာခိုင်နှုန်း အထိ သဘောတူညီမှုရှိသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက လော်ခီးလာတိုင်းရင်း သားညီလာခံတွင် ဆိုထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးနိုင်ရန် ရေးဆွဲထားသော စာချုပ်မူကြမ်းများကို တိုက်ဆိုင်စစ်ဆေးရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ NCCT တို့သည် မတ်လ ပထမအပတ်တွင်း တွေ့ဆုံမည်ဟု မြန်မာငြိမ်းချမ်းရေး စင်တာဘက်မှ ဦးလှမောင်ရွှေက ပြောဆိုထားသည်။
၇ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်သို့ NCCT အဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဆလိုင်းလျန်မုန်း၊ မြန်မာငြိမ်းချမ်းရေး စင်တာဘက်မှ ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်နှင့် အရပ်ဖက်လူ့အဖွဲ ့အစည်း ၆ဝ ကျော်တက် ရောက်ကာ ဖိုရမ်ကို မတ်လ ၃ ရက်နှင့် ၄ ရက်နှစ်ရက်တာပြုလုပ်မည်ဖြစ်သည်။