နေပြည်တော်သန်းခေါင်စာရင်းအခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်

နေပြည်တော်သန်းခေါင်စာရင်းအခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်
by -
နိရဥ္စရာ

နေပြည်တော်တွင် ပြုလုပ်သော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ခေါင်းဆောင် (၄) ဦးတက်ရောက်ခဲ့ကြောင်း အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ALD ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေက နိရဥ္စရာသို့ ပြောသည်။

တက်ရောက်ခဲ့ကြသူများမှာ ALD မှ ဥက္ကဌ ဦးအေးသာအောင်၊ ဗဟိုအလုပ်အမူဆောင်ကော်မီတီဝင် ဦးမျိုးဆွေ၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင်၊ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ ဖြစ်ကြသည်။

၎င်းအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်နယ်နှင့် တိုင်း ၀န်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တိုင်းရင်းသားပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံမှာ ရေမြေတောတောင် သဘာဝ အလှအပများ၊ သယံဇာတ ပစ္စည်းများ အထူး ပေါကြွယ်ဝပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ရာ တိုင်းပြည် တစ်ပြည် ဖြစ်သဖြင့် အထူးပနံရလှပါကြောင်း၊ ယခု ကောက်ယူမည့် သန်းခေါင်စာရင်းမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြာင်း ပြောဆိုသည်ဟု သိရသည်။

ဦးမျိုးဆွေက “ သန်းခေါင်စာရင်း ကောက်ယူမယ့် အလုပ်ဟာ နိုင်ငံအတွက် အကောင်းဆုံး လုပ်ဆောင်ရမယ့် အလုပ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အသက်၊ အရွယ်၊ ကျားမ ပညာအရည်အချင်းတွေကို တိကျစွာ သိနိုင်မှ တိုင်းပြည်ရဲ့ လိိုအပ်ချက်၊ အားသာချက်တွေကိ်ု အဖြေထုတ်နိုင်မှာ ဖြစ်ပီး နိုင်ငံတော်ရဲ့ စီမံကိန်းတွေကို တိကျစွာ ရေးဆွဲ အကောင်ထည် ဖေါ်နိုင်မှာ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ရခိုင်ပြည်နယ် အတွက်မူ ပြဿနာဖြစ်ပေါ်နိုင်သဖြင့် သူ့အနေဖြင့် စိုးရိမ်စရာ ဖြစ်မိကြောင်း ပြောသည်။

“ ဘာကြောင့် စိုးရိမ်စရာလဲဆိုတော့ သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ရခိုင်ပြည်နယ်မှာ ပြသနာတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တဘက်နိုင်ငံကနေ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေက အများကြီးဆိုတော့ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ စာရင်း အတိအကျကို သိရှိလာရမယ် ဖြစ်တယ်။ အဲသလို သိရှိလာတဲ့အခါ  ပြသနာ ပေါ်ပေါက်နိုင်တဲ့ အတွက် စိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု သူက ဆိုသည်။

မတ်လ ၁ ရက်နေ့က ပြုလုပ်သော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ( MICC) တွင် ညနေ ၄ နာရီခွဲမှ ၉ နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week