ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ANC ခေါင်းဆောင်များ ရောက်ရှိလာခိုက် အနည်းဆုံး ၄ နာရီခန့် ဖုန်းလိုင်း ပြတ်တောက်ခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီခန့်မှ နေ့လည် ၁ နာရီ ၃၀ မိနစ်အထိ GSM/ WCDMA ဖုန်းလိုင်းများ၊အင်တာနက်လိုင်းများ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်ဟု ပေါက်တောမြို့မှ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသူများကဆိုသည်။
“ ခုလို ရခိုင်အမျိုးသားကောင်စီက အကြီးအကဲတွေရောက်ရှိနေတဲ့အချိန်မှာ ဖုန်းလိုင်းတွေ အကုန်လုံးပြတ်တောက်နေခြင်းဟာ တိုက်ဆိုင်မှုသတ်သတ်မဖြစ်နိုင်ပါဘူး” ဟုပေါက်တောမြို့မှ ကိုကျော်ကျော်ခိုင်ကဆိုသည်။
ယခင်ကလည်း ရခိုင်ခေါင်းဆောင်များရောက်စဉ် ပြတ်တောက်မူ ရှိခဲ့ကြောင်း၊ RNDP ဥက္ကဌ ဒေါက်တာအေးမောင် ပေါက်တောလာရောက်တုန်းကလည်း ပေါက်တောတွင် ဖုန်းလိုင်း အချိန်အကြာကြီး ပြတ်တောက်ခဲ့ကြောင်း၊ သို့အတွက် ပေါက်တောလူထုကို သံသယ ပိုမို ဖြစ်စေခဲ့သည်ဟု ပေါက်တောမှ အမျိုးသမီး တစ်ဦးက ပြောသည်။
“ပေါက်တောမြို့ပေါ်မှာတော့ တော်ရုံတန်ရုံနဲ့ လိုင်းပြတ်တောက်မှု မရှိတတ်ပါဘူး။ ခုလို နိုင်ငံရေးဘက်က ခေါင်းတွေရောက်တိုင်း ဖုန်းလိုင်း ပြတ်တောက်သွားတာကတော့ လူတွေအတွက် သံသယ ဖြစ်စရာပေါ့” ဟု သူမက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့၊ရခိုင်ပြည်နယ် ဆက်သွယ်ရေးဌာနသို့ မေးမြန်းခဲ့ရာ ဆက်သွယ်ရေးဌာနမှ လက်ထောက်အင်ဂျင်နီယာတစ်ဦးက “ဒါမဟုတ်ပါဘူး” ဟု ပြောဆိုသည်။
“ အဲဒါကတော့ စစ်တွေမှာလည်း GSM/WCDMA တွေ မနေ့က လိုင်းအောက်ခဲ့ပါတယ်။ ဒါတိုက်ဆိုင်တာပါ။ ဘာလို့ ဖုန်းလိုင်းကို ဖြတ်တောက်ရပါမလဲ။ ဒါမဖြစ်နိုင်ဘူး” ဟု ဆိုသည်။
၎င်းအပြင် စစ်တွေ ဆက်သွယ်ရေးရုံးမှ လိုင်းများကို ဖြတ်တောက်၍ မရဟု သူကဆိုပြန်သည်။
“ ဒါ ရန်ကုန် MSC မှာဖြစ်တာလို့ သိရပါတယ်၊ကျွန်တော်တို့ စစ်တွေက ဒါမျိုးလိုင်းဖြတ်တောက်တာမရှိပါဘူး။ ရခိုင်က မိုင်ဘိုင်းဖုန်းတော်တော်များများဟာ ရန်ကုန်နဲ့ချိတ်ထားတာပါ။ လိုင်းပြတ်တောက်တာတော့ ခဏခဏ ကြံုတတ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
ရခိုင်အမျိုးသားကောင်စီအဖွဲ့ဝင်တစ်ဦးကလည်း ယခင်ခရီးစဉ်များတွင် ယခုလို ဆက်သွယ်မှုပြတ်တောက်ခြင်း ဖြစ်စဉ်မျိုး မရှိခဲ့ဖူးသေးကြောင်းပြောကြားသည်။
ပေါက်တောလူထုနှင့် တွေ့ဆုံပွဲ ခရီးစဉ်တွင် ANC ဥက္ကဌဆရာတော်အရှင်ဦးသီဟ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်နှင့် ရခိုင်ပြည်တပ်မတော်၏ စစ်ဦးချုပ် ဗိုလ်မှူးကြီးမင်းဇံဝေတို့ ဦးဆောင် ပါလာကြသည်ဟု သိရသည်။