ရခိုင်ညီလာခံကျင်းပရေး ALD ပါတီခေါင်းဆောင်ရှင်းလင်း

ရခိုင်ညီလာခံကျင်းပရေး ALD ပါတီခေါင်းဆောင်ရှင်းလင်း
by -
နိရဥ္စရာ

 ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၌ လာမည့်ဧပြီလ ၂၇ ရက်နေ့တွင် စတင်ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်း ဆွေးနွေးပွဲသုံးကြိမ်ရှိခဲ့ရာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါ၀င်မှုအားနည်းနေခြင်းအပေါ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှမြင့်က နိရဥ္စရာသို့ ရှင်းလင်းပြောကြားခဲ့သည်။

ဦးလှမြင့်က“ ကျွန်တော်တို့က ညီလာခံကို မကန့်ကွက်ဘူးဆိုတာ အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မပူပေါင်း မဆောင်ရွက်နိုင်တာက တချို့ အကြောင်းအရာတွေတော့ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ မနက်ဖြန် မဟုတ်ရင် နောက်တစ်ရက်နှစ်ရက်မှာ ရခိုင်အမျိုးသား ပါတီ တည်ထောင်ခွင့် ကျတော့မယ်။ အဲသလို ကျလာရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလည်း ရှိတော့မဟုတ်ဘူး။ ကျွန်တော်တို့ အကုန်လုံုးလည်း ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားကြတော့မှာ ဖြစ်ပါတယ်။ အဲသလို ကျွန်တော်တို့ အကုန်လုံး ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားတဲ့အခါ ပါတီက ဘယ်လို တာဝန် ပေးမလဲ။ ညီလာခံအတွက် တာဝန်ပေးမလား၊ ဘယ်လို လုပ်ပါလို့ ပါတီက တာဝန်ပေးမလား။  ပေးအပ်လားတဲ့ အတိုင်း ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပါတီ တည်ထောင်ခွင့်ကျအောင်ထိ စောင့်နေတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

Photo-မဇ္ဇျိမ

ယင်းညီလာခံမှာ ရခိုင်တစ်မျိုးသားလုံးအတွက် အလွန်အရေးကြီးသော ညီလာခံ ဖြစ်သဖြင့် ရခိုင်အမျိုးသားရေးကို စွန်းစွန်းတမံ ဆောင်ရွက်နေကြသော ရခိုင်အမျိုးသားများ အားလုံး ကျယ်ပြန့်စွာ ပူးပေါင်း ပါ၀င်ရန် လိုအပ်နေကြောင်း ဦးလှမြင့်က ပြောသည်။

သူက“ ကျွန်တော်တို့က အခု ပေါင်းစည်းရေးကို စောင့်နေတယ်။ ပါတီထောင်ခွင့်ကျပြီးတာနဲ့ ကျွန်တော်တို့ အသစ်ဖြစ်လာတဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ကြရမှာပါ။ အဲဒီ အစည်းအဝေးကနေ တာဝန်ပေးအပ်လာရင် ကျွန်တော်တို့ ပေးအပ်တဲ့ တာဝန်အတိုင်း ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် သွားတက်ပါဆိုရင်လည်း သွားတက်မယ်။ ဒါကို ဆွေးနွေးပါဆိုရင်လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။

ရခိုင်အမျိုးသားညီလာခံကျင်းပရေးနှင့် ပတ်သက်ပြီး အကြိုညှိနိုင်းဆွေးနွေးပွဲကို (၃) ကြိမ်တိုင်တိုင် ရန်ကုန်ရောက် ရခိုင်အမျိုးသားများပြုလုပ်ခဲ့ကြသော်လည်း ALD ခေါင်းဆောင်များကြသော ဦးအေးသာအောင်၊ ဦးမျိုးဆွေနှင့် ဦးလှမြင့်တို့မှာ တစ်ကြိမ်တစ်ခါမှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Most read this week