ကမ်းနီးငါးဝင်ဖမ်းသော ကမ်းဝေးသင်္ဘောများကို ကျိန္တလီ ဒေသခံ ၂၀၀ ကျော် ကန့်ကွက်ဆန္ဒပြ

ကမ်းနီးငါးဝင်ဖမ်းသော ကမ်းဝေးသင်္ဘောများကို ကျိန္တလီ ဒေသခံ ၂၀၀ ကျော် ကန့်ကွက်ဆန္ဒပြ
by -
နိရဥ္စရာ

ဆန္ဒပြနေကြသော ကျိျန္တလီ ဒေသခံများကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဥ္စရာ) ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုး တန်းတွင်  ကမ်းဝေးငါးဖမ်းခွင့်ရထားသော ငါးဖမ်းသင်္ဘောများသည် တားမြစ်ချက်များကို ဖေါက်ဖျက်ပြီး ကမ်းနီးတွင် ၀င်ရောက်ငါးဖမ်းနေသဖြင့် ကျိန္တလီ ဒေသခံ ၂၀၀ ကျော်က ယနေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကျိန္တလီမြို့ကို ပတ်ကာ ကြွေးကြော်သံများ ပြိုင်တူ ကြွေးကြော်ပြီး ဆန္ဒပြကြသည်ဟု ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

narinjara24

“ဆန္ဒပြကန့်ကွက်မူကို ယနေ့ နံနက် ၉ နာရီက ဆောက်လုပ်ရေး ဗိုလ်တဲကနေ စတင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးးရုံး ကို ချီတက် ဆန္ဒပြကြပါတယ်။ လူက ၂၀၀ ကျော်ပါ၀င်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြသူများသည် ကြွေးကြော်သံ (၃) ချက်ကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်ဟု သူက ဆက်ပြော သည်။

ယင်းကြွေးကြော်သံ သုံးချက်မှာ (၁) ကမ်းဝေးသင်္ဘောများ ကမ်းနီးပင်ရေပြင်သို့ ၀င်ရောက် မဖမ်းဆီးရေး- ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေး – ဆောင်ရွက်ပေး၊ (၂)  ဒေသခံ ကမ်းနီး ရေလုပ်သားများ ဆင်ရဲနွမ်းပါးမူလျှော့ချရေး ကမ်းဝေးသင်္ဘောများအား ဖယ်ရှားပေး- ဖယ်ရှားပေး (၃) ပင်လယ်ပြင်တရား ဥပဒေစိုးမိုးရေး အလျှင်အမြန် ဆောင်ရွက်ပေး- ဆောင်ရွက်ပေး တို့ဖြစ်ကြောင်း သူက ပြောသည်။

ယင်းကဲ့့သို့ ဒေသခံ ရေလုပ်သားများ ဆန္ဒပြတောင်းဆိုရခြင်းမှာ ကမ်းဝေး ငါးဖမ်းသင်္ဘောများ အနေဖြင့် ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေသဖြင့် ဒေသအတွင်းက ရေလုပ်သားများ အနေဖြင့် အခက်အခဲ ကြံုတွေ့နေရ၍ ဖြစ်ကြောင်း ဆန္ဒပြပွဲအားကြီးကြပ်နေသူ ဗဟိုတရားရုံးရှေ့နေ ဦးတင်ညိုက နိရဥ္စရာကို ပြောသည်။

“ ကမ်းဝေးမှာ ဖမ်းဆီးခွင့်ရတဲ့ ဆွဲသင်္ဘောတွေ၊ ၀ါးလက်လှေတွေက ကမ်းနီး ရေပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ အတွက် ကမ်းအနီးမှာ လုပ်ကိုင်စားသောက်နေရတဲ့ ရေလုပ်သားတွေ အနေနဲ့ အလွန့်အလွန် ဆင်းရဲ နွမ်းပါးမူနဲ့  ကြံုတွေ့နေရပါတယ်။ ကမ်းဝေး သင်္ဘောတွေ အနေနဲ့ ပင်လယ်ပြင် ရေမိုင် (၁၀) မိုင်ရဲ့ အပြင်ဘက်မှာ ကမ်းဝေး ရေပိုင်နက်ထဲမှာပဲဖမ်းရမှာ ဖြစ်ပါတယ်။ အဲဒါကို ရေမိုင် (၁၀) မိုင် အတွင်းမှာ ရှိတဲ့ ကမ်းနီးလုပ်ကွက်တွေမှာ ဒေသခံ ရေလုပ်သားတွေ လုပ်ကွက်ထဲကို ကျူးကျော်ဝင်ရောက် ဖမ်းဆီးတဲ့ အတွက် ကမ်းနီးမှာ ငါးပုဇွန်တွေ ရှာဖွေ ဖမ်းဆီးလို့ မရပါဘူးခင်ဗျား။ ဒါကြောင့် ရေလုပ်သားအများ စုက ဆင်းရဲနွမ်းပါးမူနဲ့ နေထိုင်စားသောက်ရေး အခက် ကြံုတွေ့နေရပါတယ်။ ဒီလို ဖြစ်လာတာကြောင့် ကမ်းဝေး ငါးဖမ်း သင်္ဘောတွေ ကမ်းနီးကို ၀င်မဖမ်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ် ခင်ဗျား” ဟု သူက ဆိုသည်။

ထိုကဲ့သို့ ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေသဖြင့်  ၂၀၁၂ သြဂတ်စ် ၃၁ ရက်နေ့တွင် ရခိုင်ပြည် အမှတ် (၁၀) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က အမျိုးသားလွှတ် တော်တွင် တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြသော အဆိုနှင့် ပတ်သက်ပြီး ၂၀၁၃ အောက်တိုဘာလ ၂၂ ရက်နေ့က အမျိုးသားလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ၎င်းအဆိုမှာ အောင်မြင်ခဲ့ကြောင်း၊ ၎င်းအဆိုမှာ ကမ်းဝေး ငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ငါဖမ်းဆီးခြင်း မပြုလုပ်ရန် ပြည်ထောင်စု အစိုးရက ကြပ်မတ်ပေးဖို့ ဆိုသော အဆို ဖြစ်ကြောင်း၊ သို့သော်လည်း လက်တွေ့တွင် ယနေ့ထိ အကြောင်း တစ်စုံတစ်ရာ မထူးသေးသလို အရေးယူ ဆောင်ရွက်ခြင်းလည်း မရှိသဖြင့် ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးတင်ညိုက ပြောသည်။

ယခု ဆန္ဒပြပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး လူပေါင်း ၃၀၀ လျှောက်ထားသော်လည်း လူ ၂၀၀ ထိသာ ခွင့်ပြုကြောင်း သူက ဆိုသည်။

ဆန္ဒပြပွဲ အပြီးတွင် ကျိန္တလီမြို့ထဲ လမ်းဆုံတွင်လည်း လူထု ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲ ပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ရန်ကုန်မှ လာရောက်သော ကမ်းဝေးသင်္ဘောများသည် ကမ်းအနီးမှ ချက်ချင်းထွက်ခွာသွားကြသည်ဟု စုံစမ်း သိရှိရသည်။

Most read this week