ဒုတိယ အကြိမ် ရခိုင်လူငယ်ဖိုရမ် မြောက်ဦးမြို့တွင်ကျင်းပ

ဒုတိယ အကြိမ် ရခိုင်လူငယ်ဖိုရမ် မြောက်ဦးမြို့တွင်ကျင်းပ
by -
နိရဥ္စရာ

ဒုတိယ အကြိမ်မြှောက် ပြုလုပ်သည့် ရခိုင်လူငယ်ဖိုရမ်ကို ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ နံနက်မှ စတင်ပြီး မြောက်ဦးမြို့တွင် ကျင်းပသည်။ ၎င်းလူငယ် ဖိုရမ်အား မြောက်ဦးမြို့ ရတနာ့ မာန်အောင် ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်နေကြောင်း၊ ၄င်းဖိုရမ်သို့ ရခိုင်ပြည်နယ် မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် လူငယ် (၄) ဦးကျစီ တက်ရောက်နေကြောင်း ရခိုင်လူငယ် ဖိုရမ်ကို မင်းပြားမြို့နယ် ကိုယ်စားပြု တက်ရောက်လာသူ မတင်တင်သွယ်က နိရဥ္စရာကို ပြောကြားခဲ့ပါသည်။

“ င်္ဒီကနေ့ နံနက် ၈ နာရီခွဲမှာ အခမ်းအနားကို စတင်ဖွင့်လှစ်ပါတယ်။ ရခိုင်ဒေသ အတွင်း လူငယ်တွေ ခံစားကြံုတွေ့နေရတဲ့ အခက်ခဲပြသနာတွေကို ဖော်ထုတ် ဖြေရှင်းဖို့နဲ့ လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု သူမကဆိုသည်။ ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်ကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ မြောက်ဦး ရခိုင်လူမှုကွန်ယက်မှ ကိုထွန်းထွန်းက ယခုကဲ့သို့ ပြောသည်။ “ ကျွန်တော်တို့ ဒီဖိုရမ်လုပ်ပြီးရင် ခရိုင်အလိုက် ကိုယ်စားလှယ် ၁၅ ဦးရွေးမယ်။ ပြီးတော့ မတ်လ ၃ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး လူငယ်ဖိုရမ်မှာ ရခိုင်ပြည်နယ်
ကိုယ်စားလှယ်အဖြစ် သွားတက်မယ်။ အဲဒီမှာ ကျွန်တော်တို့ ရခိုင်လူငယ်တွေရဲ့အသံတွေထွက်လာမယ်။ အကျိုးအမြတ်ကတော့ လူငယ်တွေရဲ့ အသံထွက်လာမယ်။ ပြီးတော့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေဘက် ကလည်း ကျွန်တော် တို့ကို အသိအမှတ်ပြုလာလိမ့်မယ်။” ယင်းပြင် ဤလူငယ် ဖိုရမ်မှ  ရခိုင်လူငယ်များ၏ အခက်အခဲ ပြဿနာများကို သာမက ရခိုင်လူငယ်ကွန်ယက် တစ်ခု ပေါ်ပေါက်ရေးကိုလည်းကြိုးစား ဆောင်ရွက် သွားမည်ဟု ပြောသည်။

“ အဓိကတော့ ကျွန်တော်တို့ ဒီနေ့မှာ ရခိုင်လူငယ်တွေရဲ့ အခက်အခဲ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ဒီပြဿနာတွေကို လာမည့်နှစ်ဖိုရမ်မကျမီ ကျွန်တော်တို့လူငယ်တွေ ဘာတွေလုပ်နိုင်မှာလည်းဆိုတဲ့ အပိုင်းက တစ်ပိုင်းပါ။ ကျွန်တော်တို့လုပ်နိုင်မယ့် အပိုင်းတွေပေါ့နော်။ နောက်တပိုင်းကတော့ ကျွန်တော်တို့ အစိုးရကို တင်ပြ တောင်းဆိုအကြံပြုဖို့ဆိုတဲ့ တစ်ပိုင်းကို ဆွေးနွေးပါမယ်။ နောက်ဆုံးတစ်ပိုင်းက ရခိုင်ပြည်တပြည် နယ်လုံးဆိုင်ရာ လူငယ် ကွန်ယက်တခုကို ဖွဲ့စည်းဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဒီဖိုရမ်မှာ အဓိကဆွေးနွေးမှာပါ” ဟု ဆိုသည်။

အစိုးရ အာဏာပိုင်များသို့ အကြံပြုတင်ပြတောင်းခံသည့်အပိုင်းတွင် ပညာရေးနှင့်ဆိုင်သည့် ကဏ္ဍနှင့် ရခိုင် လူငယ်များ အလုပ်အကိုင်ရရှိစေမည့် အချက်များကို အကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း ကိုထွန်းထွန်းက ဆက်လက်ပြောသည်။

ရခိ်ုင် လူငယ်ဖိုရမ်ကို လူငယ် ၆၀ ကျော် တက်ရောက်နေပြီး  ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ ယခုကျင်းပနေသည့် ရခိုင်လူငယ်ဖိုရမ်မှာ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် ဖိုရမ်ကို လွန်ခဲ့သည့် နှစ်က စစ်တွေမြို့တွင် ကျင်းပခဲ့သည်။

Most read this week