ရခိုင်ဒေသခံများကို စုံစမ်းရေးကော်မရှင်တွေ့ဆုံမေးမြန်းခဲ့

ရခိုင်ဒေသခံများကို စုံစမ်းရေးကော်မရှင်တွေ့ဆုံမေးမြန်းခဲ့
by -
နိရဥ္စရာ

နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးထားသော ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင်သည် မောင်တောမြို့နယ် ခရီးစဉ်အတွင်း ရခိုင်တိုင်းရင်းသားခေါင်းဆောင်များကိုလည်း တွေ့ဆုံ မေးမြန်းသွားခဲ့သည်ဟု မောင်တောမြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးအောင်ကျော်ညွှန့်က ပြောသည်။

“ အဖွဲ့လိုက်တော့ မဟုတ်ဘူး။ တစ်ဦးချင်းစီကို ခေါ်ယူတွေ့ဆုံပြီး မေးမြန်းတာပါ။ ရဲတပ်ကြပ် အောင်ကျော်သိန်း သေဆုံးတာကို ကြာလား။ ဘယ်လိုကြားသလဲ။ မီးလောင်တာကိုကော ကြားလား။ ဘယ်သူတွေက မီးရှို့တာလဲ– အဲသလို မျိုးမေးတာပါ” ဟု သူက ဆိုသည်။

ကော်မရှင်အဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မောင်တောမြို့သို့ ရဟတ်ယဉ်ဖြင့် ရောက်ရှိလာပြီးနောက်ပိုင်း ချက်ချင်း ဒေသအတွင်းက နှစ်ဘက် ခေါင်းဆောင်များကို ခေါ်ယူ တွေ့ဆုံုပြီး တစ်ဦးချင်းစီကို မေးမြန်းခဲ့သည်။

“ တစ်ဦးချင်းစီကို ခေါ်ယူမေးမြန်းတဲ့အတွက် ဘယ်လို ဖြေကြတယ်ဆိုတာ မသိဘူး။ ကျနော်ကို မေးတော့ ကျနော်သိတာတွေ၊ ကြားတာတွေကိုတော့ ပြောပြတာပေါ့။ သူတို့က မှတ်တမ်းတင်တယ်။ ရေးမှတ်တယ်။ ဒါမျိုးတွေကို လုပ်သွားတာပါ” ဟု ဦးအောင်ကျော်ညွှန့်က ဆိုသည်။
 
ကော်မရှင် အဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက်က အခင်းဖြစ်ပွားရာ ဒုချီးရားတန်း (အနောက်ကျေး ရွာ)သို့ ရောက်ရှိလာပြီး ၄င်းကျေးရွာတွင် ဇန်နဝါရီလ ၂၀ ရက်နေ့က မီးလောင်မူ ဖြစ်ပွားရာနေရာများသို လှည့်ပတ် ကြည့်ရှု့ပြီး ကျေးရွာအတွင်းက ဘင်္ဂလီများကို တွေ့ဆုံမေးမြန်းခဲ့ကြသည်ဟု ဆိုသည်။
 
ကော်မရှင် အဖွဲ့သည် ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း အသတ်ခံခဲ့ရသော ဒုချီးရားတန်း အလယ်ရွာသို့ ရောက်ရှိပြီး မူလတန်း(လွန်) ကျောင်းတွင် ဘင်္ဂလီကျေးရွာသားများနှင့် တွေ့ရှိပြီး သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့သည်ဟု သိရသည်။ ယင်းနောက်ပိုင်း ရခိုင်တိုင်းရင်းသားများ နေထိုင်သော ခရေမြိုင်၊ ကင်းချောင်းကျေးရွာများသို့လည်း ရောက်ရှိလာပြီး သူတို့လာရောက်ရသည့် ရည်ရွယ်ချက်၊ အခင်းဖြစ်ပွားရသည့် ဇစ်မြစ် အခြေအနေနှင့် ဒေသခံများ၏ အခြေအနေများကိုလည်း မေးမြန်းသွားခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ဆိုသည်။

“ အဲဒီကော်မရှင်က ကျွန်တော်တို့ ကင်းချောင်းရွာ သချိုင်းနဲ့ တခြား သူတို့ သံသယ ဖြစ်တဲ့ နေရာတွေကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။ တချို့လူတွေကတော့ မြေပြင်တွေကို စမ်းသပ်မူ လုပ်တာတွေလည်း တွေ့ရပါတယ်။ ဘာအထောက်မျိုးမှ ရသွားတာတော့ မတွေ့လိုက်ရပါဘူး” ဟု ဆိုသည်။
 
ယခုရောက်ရှိလာသော ကော်မရှင် အဖွဲ့သည် ယနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် မောင်တောမြို့နယ်မှ ပြန်သွားမည် ဖြစ်ပြီး တွေ့ရှိချက်များကို အစီရင်ခံစာရေးသာကာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ တင်သွင်းမည်ဟု သိရသည်။
 
ကော်မရှင်အဖွဲ့အား အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဒေါက်တာ သာလှရွှေ ( မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ)နှင့် တွင်းရေးမှူး ဦးကျော်ရင်လိူင်တို့ ဦးဆောင်လာကြောင်း သတင်း ရရှိသည်။ ဒုချီးရားတန်း အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အမိန့်ကြေငြာစာအမှတ် ၁၆/ ၂၀၁၄ ဖြင့် နိုင်ငံတော် သမ္မတက ဖွဲ့စည်းကြောင်း ကျေညာခဲ့သည်။

Most read this week