ရခိုင်အရေးက ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်ဟု ကင်တားနား သတိပေး

ရခိုင်အရေးက ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်ဟု ကင်တားနား သတိပေး
by -
မဇ္ဈိမ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ ရေး ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သည်ဟု သတိပေး ပြောဆိုလိုက်သည်။

“ရခိုင်ပြည်နယ်မှာ အရေးယူကိုင်တွယ်တဲ့အခြေအနေက သီးသန့်စိန်ခေါ်မှုတစ်ခု ဖြစ်တယ်။ အဲဒီစိန်ခေါ်မှု ကို မဖြေရှင်းပဲထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတစ်ခုလုံးကို ထိခိုက်နိုင်တယ်”ဟု ဖေဖော်ဝါရီ ၁၉ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သော ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ရည်ညွှန်းလျက် မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု ကောင်းစွာရှိနေပြီဟု မပြောနိုင်သေးဘဲ မြန်မာ့လူမှုရေးဝန်ကျင်နှင့် ဘဝများကို စစ်တပ်က လွှမ်းမိုး မှုရှိနေသေးသည်ဟုလည်း ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် အစိုးရအရာရှိကြီးများနှင့် နေပြည်တော်တွင် ဖေ ဖော်ဝါရီ ၁၈ရက်က တွေ့ဆုံခဲ့သေးပြီး အဆင့်မြင့်အရာရှိတစ်ဦးကို ကိုးကားကာ မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းမှုသည် ထိလွယ်ရှလွယ်တော့ ဖြစ်နေသေးသည်”ဟုု ဆိုုသည်။

“နေပြည်တော်မှာ မြန်မာအစိုုးရ အကြီးတန်းအရာရှိတစ်ဦးက ၀န်ခံခဲ့သလိုပဲ မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းမှုဟာ ထိလွယ်ရှလွယ်တော့ ဖြစ်နေပါသေးတယ်”ဟု ပြောသည်။

ထို့အပြင် လူ့အခွင့်အရေး အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေပုဒ်မ ၁၈ကိုလည်း ပြင်ရန်လိုသည့်အပြင် ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ရန် လွှတ် တော်မှလည်း ဦးဆောင်ရန် လိုအပ်သည်ဟု ကင်တားနားက ထောက်ပြပြောဆိုသွားသည်။

အလားတူပင် လူမှုအဖွဲ့အစည်းများ နိုင်ငံရေးပါတီများနှင့် မီဒီယာကို လတ်တလာ အကန့်အသတ်နှင့် ပေးထားသည့် လွတ်လပ်ခွင့်ထက် ကျော်၍ ခွင့်ပြုရန် အစိုးရ၏ အဆင့်အသီးသီးတွင် တာဝန်ယူထားသူ များ၏ စိတ်သဘောထားနှင့် တွေးခေါ်ပုံများ ပြောင်းလဲရန်လည်း လိုနေဆဲဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်သည်လည်း အရေးတကြီးလုပ်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းတစ်ခုဖြစ်သည်ဟု တွန်းအားပေး ပြောဆိုခဲ့သည်။

“ဖွဲ့စည်းပုံပြင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက်လည်း အရေးကြီးတယ်။ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်လည်း အဓိကကျတယ်။ ဒါမှ ပြည်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်အစိုး ရနဲ့ သမ္မတကို ရွေးချယ်နိုင်ပါမယ်။ နောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်တာက တရားဥပဒေစိုးမိုးရေးကနေ လူ့အ ခွင့်အရေးကို တည်ဆောက်နိုင်ဖို့ ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးလိမ့်မယ်”ဟု ကင်တားနားက ပြော သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောက်ရှိလာသည့် ကင်တာနားသည် ရန်ကုန်မြို့တွင် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ရခိုင်ပြည်နယ် သို့ သွားရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် သီလဝါစက်မှုဇုန်သို့ သွားရောက်လေ့လာပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် ကချင် ပြည်နယ် မြစ်ကြီးနားသို့သွားရောက်ကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့နှင့်တွေ့ ဆုံခဲ့သည့်အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ဌာနချုပ်ရှိရာ လိုင်ဇာသို့လည်း သွား ရောက်ခဲ့သည်။

ကေအိုင်အေနှင့် တွေ့ဆုံဆွေးနွေးရာတွင် စစ်ပြေးဒုက္ခသည်အရေးများအပြင် လက်ရှိဖော်ဆောင်နေ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲသို့ သွားနိုင်မည့်ကိစ္စ များကိုဆွေးနွေးပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော်၌ သမ္မတရုံးဝန်ကြီးအချို့နှင့်တွေ့ ဆုံစဉ် အဆိုပါဆွေးနွေးချက်များကို ပြန်လည်ပြောဆို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ကင်တားနားသည် ၎င်း၏ ခရီးစဉ်အတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာဒေသသို့ လည်း သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ခရီးစဉ်ပြီးဆုံးခဲ့သည်။ ၎င်း၏ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ် အသေးစိတ်အစီရင်ခံစာကိုမူ ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်တွင် လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းမည်ဖြစ်သည်။

ကင်တားနားသည် မြန်မာနိုင်ငံ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလက စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် သူ၏တာဝန် ပြီးဆုံးမည်ဖြစ်သည်။

Most read this week