ကရင် အမျိုးသားချင်း တိုက်ပွဲဖြစ်နေမှု SSA ခေါင်းဆောင် ဝမ်းနည်းမိကြောင်းပြော

ကရင် အမျိုးသားချင်း တိုက်ပွဲဖြစ်နေမှု SSA ခေါင်းဆောင် ဝမ်းနည်းမိကြောင်းပြော
ကရင်အမျိုးသားအစည်းအရုံး KNU မှ ကရင်ဗုဒ္ဓ နှင့် ခရစ်ယာန်တပ် နှစ်ခြမ်းကွဲသွားသည့်နောက်ပိုင်း ယနေ့အထိ အချင်း ချင်းတိုက်ပွဲဆက်တိုက်ဆင်နွဲလာခဲ့သည့်ကိစ္စသည် စစ်အစိုးရ အာဏာသက်ဆိုးရှည်ရေး အတွက်လုပ်ပေး သကဲ့သို့ ဖြစ်ကြောင်း၊ ကရင်အချင်းချင်း သတ်ဖြတ်နေ ...

ကရင်အမျိုးသားအစည်းအရုံး KNU မှ ကရင်ဗုဒ္ဓ နှင့် ခရစ်ယာန်တပ် နှစ်ခြမ်းကွဲသွားသည့်နောက်ပိုင်း ယနေ့အထိ အချင်း ချင်းတိုက်ပွဲဆက်တိုက်ဆင်နွဲလာခဲ့သည့်ကိစ္စသည် စစ်အစိုးရ အာဏာသက်ဆိုးရှည်ရေး အတွက်လုပ်ပေး သကဲ့သို့ ဖြစ်ကြောင်း၊ ကရင်အချင်းချင်း သတ်ဖြတ်နေသည်ကို စိတ်မကောင်းဖြစ်မိကြောင့် SSA ခေါင်းဆောင် ဗိုလ်မှူးကြီးယွက်စစ် ကဆိုသည်။

ယခုလ ၆ ရက် မနက်ပိုင်းတွင် ဗမာစစ်အစိုးရစစ်ကြောင်းမှ အပစ်ရပ် ကရင်ဗုဒ္ဓဘာသာ DKBA အဖွဲ့ကိုဦးဆောင်၍ KNU ၏ ဝေါ်လခီး တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက် စီးနင်းသိမ်းပိုက်ခဲ့၏။

တဘက်တလမ်း၌လည်း မတ်လနှောင်းပိုင်းက ဝန်ကြီးချုပ်သိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီးဉာဏ်ဝင်းတို့အား ထိုင်းနိုင်ငံခြား ရေးဝန်ကြီးသွားရောက်တွေ့ ဆုံခဲ့စဉ် နအဖ နှင့် KNU တို့အကြား စေ့စပ်ဖြန်ဖြေပေးရေး အတွက် နအဖ ဖက်မှတိုက်တွန်းထား သောကြောင့် ဧပြီ ရ ရက်နေ့၌  KNU ကိုယ်စားလှယ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍  SSA ခေါင်းဆောင်ဗိုလ်မှူးကြီးယွက်စစ်က - “မနေ့က KNU နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ်ဖီရွမ်းတို့ တွေ့ဆုံတယ်ဆိုတာ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ နအဖနဲ့ KNU  အကြား တကယ့် စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုဖြစ်လာခဲ့ရင် ပိုတောင်ကောင်းပါတယ်။ ဒါပေမဲ့ကျနော့်အမြင်ကတော့ အောင်မြင်ဖို့ အလားအလာ မတွေ့ရဘူး။ နအဖ ကလမ်းဟောင်း အတိုင်းဘဲ လျှောက်နေတော့ KNU အတွက်လဲ ဘာမှအကျိုးရှိမှာ မဟုတ်ဘူး” ဟု ဆို၏။

နအဖစစ်အစိုးရ အပေါ် ထားရှိသော သဘောထား နှင့် ပတ်သက်၍လည်း ဗိုလ်မှူးကြီးယွက်စစ်က သျှမ်းသံတော်ဆင့် အား ဤ ကဲ့သို့ ဆက်ပြောပြပါသည်။

“စစ်အစိုးရက KNU အပေါ်စစ်ဆင်ရေး နှစ်မျိုးတပြိုင်နက်လုပ်နေတယ်။ ပထမ က စိတ်ဓါတ်စစ်ဆင်ရေး၊ ဒုတိယ အချက် ကတော့ စစ်အင်အားသုံး ထိုးစစ်ဆင်တာဘဲ။ ကရင်အမျိုးသားထုတခုလုံးကို ကျနော် တိုက်တွန်း ချင်ပါတယ်။ ဘာလဲဆို တော့ အခု  DKBA ဟာ စစ်အစိုးရရဲ့လက်ကိုင်ဒုတ် ဘဝ ရောက်နေတယ်။ ကရင်အချင်းချင်း တိုက်ခိုက် သတ်ဖြတ် နေတာကို ကျနော်စိတ်မကောင်းဘူး။ ကိုယ်ကျိုးအတွက်ရှေ့တန်းတင်တဲ့ တချို့ ခေါင်းဆောင်နည်းစု ကြောင့် အမျိုးသားထု ထိခိုက်ပျက်စီး တာမကောင်းဘူး”

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မျာ းအပေါ်ထားသည့် ဗမာစစ်အစိုးရ၏ ပေါ်လစီက ရိုးသားမှုမရှိကြောင်း၊ ပြည်သူလူထု နှင့် တိုင်း ပြည်အပေါ် တကယ်ရိုးသားပါက ပြည်ထောင်စုဖြစ်တည်ရာ ပင်လုံကို ပြန်သွားရမည် ဖြစ်ကြောင်း၊ ထို့အတူ တ ခြားတိုင်းပြည်ဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့်ကုလဖြစ်စေ မိမိတို့တိုင်းပြည်၏ နောက်ခံသမိုင်းနှင့် အရင်းအမြစ် ပြဿနာကို သဘောပေါက်နားလည်လက်ခံမှသာလျှင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးယွက်စစ်က ဆိုပါသည်။

Most read this week