ANC ၏ မြန်မာနိုင်ငံအခြေအနေ လေ့လာရေးခရီး စတင်

ANC ၏ မြန်မာနိုင်ငံအခြေအနေ လေ့လာရေးခရီး စတင်
by -
နိရဥ္စရာ

ပြည်ပတွင် အခြေစိုက်သည့် ရခိုင်အမျိုးသားကောင်စီ Arakan National Council (ANC )၏ ပြည်တွင်းလေ့လာရေး ခရီးစဉ်ကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခု ခရီးစဉ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး ANC ကိုယ်စားလှယ် အဖွဲ့အား ဥက္ကဌ ဆရာတော် ဦးသီဟ ဦးဆောင်ပြီး လာရောက်မည် ဖြစ်ကြောင်း၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို လေ့လာမည့် ခရီးစဉ် ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း ဗဟိုအစိုးရ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ANC ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါလာသူ တစ်ဦးဖြစ်သည့် ဗိုလ်ကြီးမင်းထွန်းက ပြောသည်။

ဗိုလ်ကြီးမင်းထွန်းက “ကျွန်တော်တို့ရဲ့ မူရင်းခရီးစဉ် ရည်ရွယ်ချက်ကတော့ လေ့လာရေးခရီးစဉ်ပါ။ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ လူမျိုးတိုးတက်ရေး အခြေအနေပါ။ အဲဒီ ဖြစ်ပေါ်တိုးတက်မှု အပေါ်မှာ ဘာတွေထပ်ပြီး ဆွေးနွေးဖြစ်မယ် ဆိုတာတော့ လောလောဆယ် မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

ANC ကိုယ်စားလှယ်များခရီးစဉ်တွင် ဥက္ကဌ ဆရာတော် ဦးသီဟ၊ ဒုဥက္ကဌ (၁) ဒေါက်တာ ခင်မောင်၊ ၀ါရင့်နိုင်ငံရေးသမား တဦးဖြစ်သည့် ANC ဂုဏ်ထူးဆောင်နာယက ဦးမောင်မောင်၊ နာယက အဖွဲ့အဝင် ဦးခင်မောင်ကြည် အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၈ ဦးပါ၀င် ကြောင်းသိရသည်။

ANC ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက် မနက်ဖန်တွင် ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်ရှိ Excel Treasure Hotel Crystal jade hall တွင် ရခိုင်မိသားစုများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံမည်ဖြစ်သည်။

“ကျွန်တော်တို့က ANC ဖြစ်ပေါ်လာမှု၊ နောက်ပြီးလက်ရှိအခြေအနေ၊ ANC အဖွဲ့ဝင်တခုချင်းရဲ့ လမ်းစဉ်၊ သမိုင်းကြောင်း၊ လုပ်ငန်း စဉ်တွေကို ဆွေးနွေးသွားမယ်။ ပြီးတော့  ပြည်သူတွေရဲ့အမြင်၊ တခြား အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို နှီးနှောဖလှယ် သွားမှာပါ” ဟု ဗိုလ်ကြီးမင်းထွန်းက ဆိုသည်။

ANC ကိုယ်စားလှယ်များ ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောမြို့များသို့လည်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။

ANC ကိုယ်စားလှယ်များ ပြည်တွင်းခရီးစဉ်နှင့် ပတ်သတ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ယခု ခရီးစဉ်သည် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်တို့အား အထောက်အကူပြုရန် ရည် ရွယ်သည်ဟု ဖော်ပြထားသည်။

ရခိုင်အမျိုးသားကောင်စီ ANC ကို ၂၀၀၁ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ရခိုင်နိုင်ငံရေးပါတီများ၊ ရဟန်း သံဃာတော်များ၊ ရခိုင်ကျောင်းသားလူ ငယ်များဖြင့် ရခိုင်နိုင်ငံရေးကို ဦးဆောင်ရန် စတင်ဖွဲ့စည်းခဲ့သည်။

၂၀၀၉ ခုနှစ်အရောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆရာတော် ဦးသီဟ ဦးဆောင်သည့် ထိုင်းအခြေစိုက် ANC နှင့် ဆရာတော် အရိယာဝံသ ဦးဆောင်သည့် ANC ဟု နှစ်ခု ကွဲသွားခဲ့ပြီး ANC ၏ လူပ်ရှားမူများ သည်လည်း ရခိုင် နိုင်ငံရေးလောကတွင် မှေးမှိန်နေခဲ့သည်။

Most read this week