ရဲတပ်ရင်းချရန်မြေသိမ်းမူ ကျောက်ဖြူမြို့နယ်ကျေးရွာ ၄၂ ရွာက ဆန္ဒပြ ကန့်ကွက်မည်

ရဲတပ်ရင်းချရန်မြေသိမ်းမူ ကျောက်ဖြူမြို့နယ်ကျေးရွာ ၄၂ ရွာက ဆန္ဒပြ ကန့်ကွက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးတွင် အသစ်ချမည့် ရဲတပ်ရင်း အမှတ် (၃၂)  အတွက် မြေလွှတ်မြေရိုင်း စာရင်းသွင်းကာ မြေ(၂၀၂) ဧကထိ သိမ်းယူရန် စီစဉ်နေသည့် အပေါ် ကျေးရွာ (၄၂) ရွာက စုပေါင်း ဆန္ဒပြ ကန့်ကွက်သွားမည်ဟု သတင်း ရရှိသည်။

ဖေဖေါ်ဝါရီလ ၉ ရက် တနင်္ဂနွေနေ့က အုန်းတောဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော အစည်းအဝေးမှ ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဦးသန္တာမောင်က ပြောသည်။

သူက “ အဲဒီနေ့က အစည်းအဝေးကို ရွာပေါင်း ၁၈ ရွာက ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ သူတို့က ရဲတပ်ရင်းချမယ်ဆိုပြီး မလိုအပ်ဘဲ မြေဧက (၂၀၂) ဧကထိ သိမ်းတဲ့ အပေါ်မှာ ကန့်ကွက် ဆန္ဒပြသွားမယ်။ ဆန္ဒပြခွင့်ကို တရားဝင်ခွင့်ပြုချက်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဓိကတော့ အမျိုးသမီးထုက အင်တိုက်အားတိုက် ဆန္ဒပြဖို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်” ဟု ဆိုသည်။

ယင်းနေ့က ပြုလုပ်သော အစည်းအဝေးသို့ အုန်းတော၊ ပြိုင်းဆိတ်ကေ၊ ရှောက်ချောင်း၊ စက်မော်၊ ကြက်တိမ်၊ ကာလဘာ၊ မင်းတပ်တောင်၊ နန်းဖဲတောင်၊ မလကျွန်း၊ လိပ်ခမော်၊ ဂုန်းချွိန် စသည့် ကျေးရွာ (၁၈) ရွာမှ ရွာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကျောက်ဖြူမြို့နယ် အတွင်းရှိ ရွာပေါင်း ၄၂ ရွာဖြင့် ဖွဲ့ထားသော အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဦးမောင်အေးမှ ရွာပေါင်း (၄၂) ရွာမှ ကိုယ်စားလှယ်များဖြင့် နောက်ထပ် အစည်းအဝေး လုပ်ရန် ပြောကြားခဲ့သော်လည်း တက်ရောက်လာသူ အမျိုးသမီးထုက လက်မခံဘဲ ဆန္ဒပြပွဲကို အမြန်ဆုံးစီစဉ်ရန် တွန်းအားပေးခဲ့သည်ဟု ဆိုသည်။

“ အခုက ဒေသအတွင်းက အမျိုးသမီးတွေက အထူးမကျေမနပ်ဖြစ်နေကြတယ်။ တောင်တွေကို မြေထိုးစက် (၃) စီးနဲ့ ထိုးနေတော့ သစ်ပင်တွေအကုန်လုံး လှဲကုန်တယ်။ သူတို့ကို ထင်းခွေခွင့်လည်း မရတော့ဘူး။ တောင်တက်လို့လည်း မရတော့ဘူးလို့ ပြောပါတယ်။ ဒီအတွက် ရွာပေါင်း (၄၂) ရွာက လူတွေအကုန်လုံးကို ဖိတ်ခေါ်ပြီး ဆန္ဒပြပွဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ” ဟု သူက ဆက်ပြောသည်။

ကျေးရွာသားများအနေဖြင့် နိုင်ငံတော်၏ စီမံကိန်း တစ်ခု ဖြစ်သော ရဲတပ်ရင်းကို ၎င်းတို့ဒေသတွင် ချမည်ကို ကန့်ကွက်စရာ မရှိသော်လည်း ရဲတပ်ရင်းကို အကြောင်းပြပြီး ဒေသခံများ မှီခိ်ုအားထားလာသော တောင်တောင် အများအပြားကို သိမ်းပိုက်မည့် အစီအစဉ်ကိုမူ လက်ခံရန် မဖြစ်နိုင်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်ဝင်းက ပြောသည်။

“ အခုရဲတပ်ရင်း အတွက် မြေဧက (၂၀၂) ဧကထိ သိမ်းမယ်ဆိုရင် ဒေသခံတွေအတွက် လုပ်စားစရာ မရှိတော့ဘူး။ ဒီဒေသက လူတွေက ဒီတောတောင်တွေကိုဘဲ ဘိုးစဉ်ဘောင်ဆက် မှီခိုအားထားလာကြတာ ဖြစ်ပါတယ်။ ထင်းလိုရင် ဒီတောတောင်၊ ၀ါးလိုရင်လည်း ဒီတောတောင်၊ သစ်လိုရင် ဒီတောတောင်တွေကို မှီခိုအားထားလာကြရတဲ့ အတွက် အခု တောတောင်တွေကို မတက်ရတော့ဘူးဆိုရင် ဒေသခံတွေအတွက် အကြီးအကျယ် ပြသနာ ပေါ်ပေါက်နိုင်ပါတယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က “ကျွန်တော်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုပေမယ့် ဒီလို မြေသိမ်းထားတယ်ဆိုတာ အစက မသိဘူး။ ရွာသားတွေလာတင်ပြမှ သိရတာပါ။ ဒါကြောင့် လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလ ၄ ရက်နေ့က အဲဒီ အုန်းတောရွာကိုသွားပြီး လေ့လာခဲ့တယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ ဒီမြေတွေဟာ မြေလွှတ်မြေရိုင်းတွေ ဖြစ်တယ်ဆိုပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ရဲတပ်ရင်း အမှတ် (၃၂) ချဖို့အတွက် ခွင့်ုပြုထားတယ်။ ကျွန်တော်သွားစစ်ဆေးကြည့်တော့ ဒီမြေတွေဟာ မြေလွှတ်မြေရိုင်းတွေ မဟုတ်ဘူး။ တောင်သူ လယ်သမားတွေမှာ ပြေစာရှိတဲ့သူ မရှိတဲ့သူ အဲသလောက်ဘဲ ကွာမယ်။ အကုန်လုံးပိုင်ရှင်တွေရှိတယ်။ ဒီအတွက် ဇန်နဝါရီလ အတွင်းမှာ မေးခွန်း (၅) ခုနဲ့ ဒီမြေတွေကိစ္စကို လွှတ်တော်မှာ ကျွန်တော်မေးပါတယ်။ တောင်သူ လယ်သမား ၁၃၃ ဦးက ကျွန်တော်ကို တိုင်ကြားထားတယ်။  အခုတော့ ပြည်ထောင်စု အဆင့်ကတောင် မြေလွှတ် မြေရိုင်းဆိုပီး လက်ခံထားလိုက်ကြပါပြီ။ ဒီမေးခွန်းကို မနေ့က ဖြေရာမှာ မြေလွှတ်မြေရိုင်းတွေဆိုပြီး ဖြေသွားပါတယ်။ ကျွန်တော်က ၀န်ကြီးတွေကို ကိုယ်တိုင် လာကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်လိုက်ပြမယ်။ အခုတော့ ဒီမြေတွေကိစ္စ ကျွန်တော်လဲ ဘာမှ မတတ်နိုင်တော့ပါ” ဟု ဆိုသည်။

ယခုအခါ ကျေးရွာသားများ အနေဖြင့် ဆန္ဒပြခွင့်ရရန် သက်ဆိုင်ရာသို့ တင်ပြတောင်းခံရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

Most read this week