ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ မပြဋ္ဌာန်းသင့်ဟု တပ်မတော်သားအမတ် ကန့်ကွက်

ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ မပြဋ္ဌာန်းသင့်ဟု တပ်မတော်သားအမတ် ကန့်ကွက်
by -
မဇ္ဈိမ

လွှတ်တော်ကိုယ်စားလှယ်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲမည့် ရန်ပုံငွေကို ဥပဒေ တစ်ရပ် ပြဋ္ဌာန်း၍ သုံးစွဲနိုင်ရေး လွှတ်တော်များက ကြိုးပမ်းနေကြသော်လည်း ဖေဖော်ဝါရီ ၁၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်း ဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးလှဝင်းအောင်က ကန့်ကွက်လိုက်သည်။

“ဒီဖွံ့ဖြိုးရေးရန်ပုံငွေဟာ ဥပဒေတစ်ရပ်အဖြစ် အတည်မပြုဘဲနဲ့လည်း လက်ရှိအခြေအနေမှာ သုံးစွဲဆောင်ရွက် ခွင့်ရနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းဖို့ မပါရှိတာအတွက် ကြောင့်ရယ်။ ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေနဲ့ လည်း မကိုက်ညီတဲ့အတွက် လောလော ဆယ်တော့ ဥပဒေအသစ် တစ်ရပ်အဖြစ် ပြဋ္ဌာန်းရန် မသင့်သေးပါ” ဟု ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်သည့် ယင်းဥပဒေပါ ပြင် ဆင်ချက်များကို သဘောတူ၊ မတူ လွှတ်တော်၏ သဘောထားရယူချိန်တွင် ဥပဒေတစ်ခုအဖြစ် မပြဋ္ဌာန်း သင့်ကြောင်း တပ်မတော်သားအမတ်က ကန့်ကွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုနေ့တွင် အမျိုးသားလွှတ်တော်အမတ်များ ဆွေးနွေးရန် စာရင်းပေးထားခြင်းမရှိသကဲ့သို့ ဥပဒေကြမ်း ကော်မတီကလည်း ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်းသာ ယင်းကို ထားရှိရန် သဘောတူထား ခဲ့သည်။

သို့သော် တပ်မတော်သားအမတ် ကန့်ကွက်ခဲ့သည့်အတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ သဘော တူသည့် အမတ်ဦးရေများသည့်အတွက် ဥပဒေကြမ်း အတည်ဖြစ်သွားခဲ့သည်။ စုစုပေါင်း ၁၆၄ ဦး တက် ရောက်နေသည့် အစည်းအဝေးတွင်အဆိုပါ ဥပဒေကြမ်း အတည်ပြုရေး ကန့်ကွက်သူ ၆၁ ဦး ရှိခဲ့သည်။

အမျိုးသားလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ခန့်ထားမှုဖြင့် အစည်းအဝေးတက်ရောက်နေ သူ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး ရှိနေသည်။

“နိုင်ငံတော်သမ္မတကြီးက ဒါကို မပြဋ္ဌာန်းစေချင်ဘူး။ လွှတ်တော်ကပဲ ပြဋ္ဌာန်းစေချင်တယ်။ အဲဒီတော့ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ နိုင်ငံတော် သမ္မတကြီးရဲ့ အမိန့်ကို နာခံတဲ့သဘောပါပဲ”ဟု ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါက်တာမြတ် ဉာဏစိုးက လွှတ်တော် အစည်းအဝေးအပြီး မဇ္ဈိမသို့ပြောသည်။

ပြည်သူ့လွှတ်တော်က ပေးပို့ထားသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်းတွင်“ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်း၍ ပြည်ထောင်စုလွှတ်တော်ရုံးက နှစ်စဉ် အဆိုပြု သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေလျာထားချက်ကို သက် ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည် ထောင်စု၏ ထောက်ပ့ံငွေအဖြစ် ထည့်သွင်းနိုင်ရေး ဆောင်ရွက်မည်” ဟု ပါ၀င်သည်။

လာမည့်မတ်လကုန်တွင် ကုန်ဆုံးမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း၌မူကိုယ်စားလှယ်တို့သည် တစ် မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်စီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့်ရရှိထားသည်။ စုစုပေါင်း ကျပ် ၃၃ ဘီလီယံရှိငွေများကို ပြည်ထောင်စုလွှတ်တော်ရုံး၏ အသုံးစရိတ်အောက်တွင် ထားရှိသုံးစွဲနေခြင်းလည်းဖြစ် သည်။ ထို့ကြောင့် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်မညီဟု အစိုးရဘက်က ရှင်းလင်း ပြောဆိုခဲ့၍ လုပ်ထုံးလုပ်နည်း လျော်ညီရန်နှင့် စာရင်းစစ်ဆေးခံနိုင်ရန် ဖေဖော်ဝါရီ ၆ ရက်တွင် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသေးသည်။

Most read this week