နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်မည်

နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်မည်
by -
မဇ္ဈိမ

ပြည်တွင်းကုန်သွယ်မှု မြင့်မားလာရန်အတွက် ၂၀၁၅ တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၄ တွင် မောတောင်နယ်စပ်ကုန်သွယ်ရေစခန်း၊ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပေးခဲ့ပြီး၊ ၂၀၁၅ တွင် မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဘုရား သုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းများကို တည်ဆောက်နိုင်ရန်အတွက် မြေနေရာများ သတ်မှတ်ထားပြီး ဖြစ်ကြောင်း ယင်းက ထပ်မံပြောကြားသည်။

“ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် နယ်စပ်ဒေသက စခန်းတွေဖွင့်လှစ်ပေးတာက ဒေသခံပြည်သူတွေအတွက် စျေးကွက်ရရှိပြီး နယ်စပ်ကုန်သွယ်မှုတွေမြင့်တက််လာအောင် ပြုလုပ်ပေးတာဖြစ်တယ်။တခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုလုပ်ဖို့က ပင်လယ်ရေကြောင်းတစ်ခုထဲနဲ့လုပ်လို့ မရပါဘူး၊ နယ်စပ်ကုန်သွယ်မှုကိုပါမြှင့်နိုင်မှ သာ ကုန်သွယ်မှုပမာဏ မြင့်လာမှာဖြစ်တယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများကို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်ကာ နိုင်ငံတော်၏လိုအပ်ချက်အရ ဖွင့် လှစ်ခဲ့ခြင်းဖြစ် ပြီး ၂၀၁၄ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိခဲ့ကြောင်း သိရသည်။

ဆန်၊စပါးပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ဆန်၊စပါးကတော့ နယ်စပ်ကနေ ၆၀ ရာခိုင် နှုန်းကျော်သွားတယ်။ ကုန်သွယ်ရေးစခန်းတွေများလာတော့ ကုန်စည်စီးဆင်းမှုတွေ များလာတယ်။ နယ် စပ်စခန်းတွေရှိတော့ အဲ့ဒီနယ်စပ်နဲ့ပတ်သက်တဲ့ နေရာတွေကလူတွေ စီးပွားရေးဖြစ်တာပေါ့” ဟုပြော သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများရှိလာခြင်းများကြောင့် ကုန်သွယ်မှုများပြုလုပ်ရာတွင် ပိုမိုလွယ်ကူမှုများရှိ လာပြီး နယ်စပ်ဒေသများလည်း ဖွံ့ဖြိုးလာလျက်ရှိကြောင်း ယင်းက ထပ်မံပြောကြားသည်။

နိုင်ငံတကာနှင့် ကုန်သွယ်ခွင့်ပိတ်ပင်ထားသည့်ကာလတွင် ကုန်သွယ်မှုများအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများလိုအပ်ပြီး နိုင်ငံတကာနှင့်ကုန်သွယ်မှုလမ်းများ ပွင့်သွားသောအခါ နယ်စပ်ကုန်သွယ်ရေးစနစ်မှာ လိုအပ်မှုလျှော့နည်းလာခဲ့ကြောင်း ပြည်တွင်းပို့ကုန် သွင်းကုန်ကုမ္ပဏီများ၏အကြံပေး ဦးထွန်းငြိမ်းက ပြောသည်။

“နယ်စပ်ကုန်သွယ်မှုနဲ့ ပုံမှန်ကုန်သွယ်မှုက အတူတူပါပဲ။ နိုင်ငံတကာကနဲ့ ကုန်သွယ်မှုတွေလုပ်တဲ့အခါ အတားအဆီးအပိတ်အပင်တွေများရင် ကုန်သွယ်တာအခက်အခဲဖြစ်လာနိုင်တယ်” ဟု ၄င်းကပြောသည်။

နယ်စပ်ကုန်သွယ်ရေးများဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခြင်းထက် နယ်စပ်ဒေသများကို ဖွံ့ဖြိုးအောင်ပြုလုပ် ခြင်းက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို ပိုမိုတိုးတက်လာနိုင်စေမည် ဖြစ်ပြီး ၂၀၁၅ လွတ်လပ်စွာ ကုန်သွယ်မှုများ ပြုလုပ်ရာတွင်လည်း ဂိတ်များထားရှိ၍ အတားအဆီးများပြုလုပ်ပါက ကုန်သွယ်မှုလျော့ ကျလာနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားသည်။

စျေးကွက်အတွင်းကို မှောင်ခိုပစ္စည်းတွေဝင်တာက နယ်စပ်တွေကနေ အဓိကဝင်တယ်။ လူသုံးကုန်နဲ့ အိမ် သုံးပစ္စည်းတွေ အများဆုံးဝင်တယ်။ နယ်စပ်ကုန်သွယ်ရေးတွေတိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် မှောင်ခိုလမ်း ကြောင်းကို လည်း တင်းကျပ်အောင်ပြုလုပ်သင့်တယ်” ဟု ၎င်းကပြောသည်။

နယ်စပ်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများပြုလုပ်မည့်အစား တခြားနိုင်ငံများကဲ့သို့ ငွေလဲလှယ်သည့် နေရာများ တိုးတက်အောင်ပြုလုပ်သင့်ပါတယ်ဟု ဦးလှမောင်က ပြောသည်။

မြန်မာနိုင်ငံဗဟိုစာရင်းအင်းဌာန၏ စာရင်းများအရ ပင်လယ်ရေကြောင်းနှင့် လေကြောင်းကုန်သွယ်မှုမှာ ရ၀ ရာခိုင်နှုန်းရှိပြီး နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုမှာ ၃၀ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံသည် အိမ်နီးချင်း ငါးနိုင်ငံနှင့် ပို့ကုန်သွင်းကုန် များပြုလုပ်လျက်ရှိသောကြောင့် ကုန်သွယ်မှုပိုမိုပြုလုပ်နိုင်ရန်စနစ်တကျ စီစဉ် ဆောင်ရွက်ပေး ရန် လိုအပ်သည်ဟု ဦးလှမောင်က ပြောသည်။

Most read this week