သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ အနော်ရထာလမ်းပေါ်ရှိ စျေးဌာနများ အဆောက်အဦးသည် လမ်းပိုင်မြေဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ထောက်ခံသည်ဟု ဦးစံဖေရပ်ကွက် ရပ်မိရပ်ဖများက ဖေဖော်ဝါရီ ၁၁တွင် မဇ္ဈိမကိုပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက် အနော်ရထာလမ်းပေါ်တွင် ခရိုင်အဆင့် စျေးများဌာန၏ အဆောက်အဦး တည်ရှိနေခြင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် ပါဝင်သော ပြည်ထောင်စုအဆင့်အဖွဲ့များနှင့် ဖေဖော်ဝါရီ ၁၁ရက်က ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲကို သွားရောက်ခဲ့သည့် ရပ်မိရပ်ဖ ဦးချန်းစိန်က “ဒေါက်တာဝင်းမြင့်က လမ်းဖြစ်တာ သေချာသလား။ ဌာနဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်အရ အဆောက်အဦး ဆောက်တာပါလို့ (စည်ပင်က) ပြန်ဖြေတယ်။ လမ်းပေါ်မှာ ဒီလိုအဆောက်အဦး ဆောက်လို့ရသလားလို့ ဝန်ကြီးက မေးတော့ စည်ပင်ဘက်ကဘာမှ ပြန်မဖြေနိုင်ဘူး။ ဒီတွေဆုံပွဲမှာ ဒုဝန်ကြီးတစ်ယောက်အနေနဲ့ ဝင်မေးတော့ လမ်းဆိုတာ သေချာသွားပြီ” ဟုပြောသည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာက ထုတ်ပေးသည့် မြေဂရမ်တွင် အရာရှိသုံးဦးခန့် လက်မှတ်ထိုးထားသည့်အတွက် စည်ပင်ရုံးဆောက်ထားသည့်မြေနေရာသည် လမ်းဖြစ်ကြောင်း သက်သေခဲ့ကြသည်။ ယခုလမ်းတွင် စည်ပင်ရုံးဆောက်လုပ်ထားခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိကို စည်ပင်အနေနှင့် ပြန်လည်တင်ပြရမည်ဖြစ်ပြီး ရပ်ကွက်သူ၊
ရပ်ကွက်သားများကို ပြန်လည် အကြောင်းကြားသွားမည်ဟု ဒုဝန်ကြီးက ကတိပြုသည်။
အဆိုပါတွေ့ဆုံပွဲသို့ သွားရောက်ခဲ့သူ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဇော်မင်းက "လမ်းပိတ်ဆို့မှုကြောင့် အခက်အခဲဖြစ်နိုင်တာလည်း သက်သေပြနိုင်ခဲ့တယ်။ စျေးများဌာနက ဌာနမှူးရဲ့ တုန့်ပြန်ချက်က ဒီလမ်းကို စျေးရဲ့ ပရဝုဏ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သိမ်းယူလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဒီဟာက လမ်းဖြစ်ကြောင်း အတည်ပြုတယ်” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စည်ပင်က ၎င်းတို့သိမ်းယူခဲ့ခြင်းသည် လမ်းမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါက ပြည်ထောင်စု တရားလွတ်တော်ချုပ်တွင် စာချွန်တော်ဥပဒေနှင့် နစ်နာသူများက စည်ပင်ကို တရားစွဲမည်ဟု ဦးစံဖေရပ်ကွက်၊ ရပ်မိရပ်ဖများကဆိုသည်။
အဆိုပါ အနော်ရထားလမ်းတွင် စည်ပင်ရုံးဆောက်လုပ်ထားခြင်းကို ကန့်ကွက်သည့်အနေဖြင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက မှ စတင်ကာ ဇန်နဝါရီအတွင်း နှစ်ကြိမ်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။