သုဝဏ္ဏဘူမိမြို့ဟောင်း၏ မြို့ရိုး၊ အုတ်ကြောင်းများကိုတူးဖေါ်တွေ့ရှိ

သုဝဏ္ဏဘူမိမြို့ဟောင်း၏ မြို့ရိုး၊ အုတ်ကြောင်းများကိုတူးဖေါ်တွေ့ရှိ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ ဝင်းကရွာနှင့် အရက်သည်မ ရွာ၌ မွန်မြို့ဟောင်း တစ်မြို့ဖြစ်သည့် သုဝဏ္ဏဘူမိမြို့ရိုးများ နှင့် အုတ်ကြောင်းများကို ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် တူးဖေါ်တွေ့ရှိခဲ့သည်ဟု သုတေသနဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ သမိုင်းသုတေသနဌာနမှ အငြိမ်းစားလက်ထောက် ညွန်ကြားရေးမှူး ‘ဆရာဦးစံဝင်းက"သုဝဏ္ဏ္ဏဘူမိမြို့ဟောင်းဟာ ကေလာသတောင်ခြေမှာ နှစ်နေရာရှိတယ်၊ ဝင်းကရွာမှာ တစ်နေရာနဲ့ အရက်သည်မရွာမှာ တစ်နေရာပါ၊ ဝင်းကရွာမှာ ဘီစီ (၃) ရာစုတုန်းက အရှင်သောဏထေရ်နဲ့ အရှင်ဥတ္တရထေရ် တို့က သုဝဏ္ဏဘူမိမြို့ဟောင်းကို လာခဲ့ဖူးတယ်လို့ သမိုင်းမှာ တွေ့ခဲ့ဖူးတယ်၊ အခု တူးဖေါ်နေတဲ့ ဝင်းကရွာမှာ မြို့ရိုးအုတ်ကြောင်းတွေက တော်တော်လေးကို ကြီးမားလှပါတယ်"ဟု ပြော သည်။

ယခုလက်ရှိ တူးဖေါ်တွေ့ရှိထားသည့် သုဝဏ္ဏဘူမိမြို့ရိုးသည် အရှည် ၂ တိုင်၊ ပေ ၂၀၊ အချို့နေရာများတွင် ပေ ၅၀ အထိ ရှိသည်ဟု ဆိုသည်။

"အခုဆိုရင် ယဉ်ကျေးမှုသုတေသနအဖွဲ့က လာရောက် တူးဖေါ်နေကြတယ်၊ အရက်သည်မရွာမှာ (၂) နေရာ တူးဖေါ်ထားတယ်၊ ဝင်းကရွာမှာတော့ (၆) နေရာ တူးထားတယ်၊ သုဝဏ္ဏဘူမိမြို့ဟောင်းကို ကမ္ဘာက အသိအမှတ်ပြုအောင် နေရာ (၅၀) လောက် ဆက်တူးဖို့ လိုသေးတယ်" ဟု ဆရာဦးစံဝင်းက ဆက်ပြောသည်။

မြို့ရိုး၊ ဘုန်းကြီးကျောင်းတော်၊ ရှေးခေတ်ဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၊ ထိုခေတ်အခါက မြို့ဟောင်းထဲ၌ လူထုများနေထိုင်ခဲ့သည့် တည်နေရာများကို သေသေချာချာ တူးဖေါ်နိုင်ပါက ကမ္ဘာက အသိအမှတ်ပြု လက်ခံနိုင်လိမ့်မည်ဟု ဦးစံဝင်းက ဆိုသည်။

ယခုတူးဖေါ် တွေ့ရှိထားသည့် မြို့ရိုးများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်သွားစေရန် မွန်ပြည်နယ်အစိုးရမှ ဝန်ကြီးဒေါက်တာမင်းနွယ်စိုးက တာဝန်ယူဆက်လက်ဆောင်ရွက်နေပြီး နိုင်ငံတော်က အသိအမှတ် ပြုရန်ကြိုးစားနေသည်ဟု သုတေသီများက ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်း တည်နေရာကို စုမတြာကျွန်း၌လည်းကောင်း၊ အရှေ့တောင်အာရှတစ်ခုလုံးဟု လည်းကောင်း၊ ထိုင်းနိုင်ငံရှိ နခွမ်ပထုံ ၌လည်းကောင်း အမျိုးမျိုးထင်ဟပ်ကြပြီး သုဝဏ္ဏဘူမိမြို့ဟောင်းတွင် မည်သည့် ယဉ်ကျေးမှု အမွေအနှစ်မှ တင်ကျန်ခဲ့ခြင်းမရှိပဲ အထောက်အထားများ မပြနိုင်အောင် အားလုံးပျက်စီး သွားကြပြီးဟု သမိုင်းသုတေတီအချို့ က ဆိုသည်။

သုဝဏ္ဏဘူမိမြို့ဟောင်း သမိုင်းကြောင်းနှင့် ပတ်သက်၍ မွန်သမိုင်း ဥပ္ပန္နသုဓမ္မဝတီ ရာဇဝံသဂါထာ စာအုပ်တွင် သုဝဏ္ဏဘူမိသည် မြို့ရိုး ရ ထပ် ရှိသည်ဟု မရေးသားဖေါ်ပြထားပြီး ဖေါ်ပြထားသည့်အတိုင်း မွန်ပြည်နယ်အတွင်းရှိ ကရင်တောင်ကျေးရွာတွင် မြို့ရိုး ရ ထပ်၊ ဝင်ကကျေးရွာနှင့် အရက်သည်မကျေးရွာတွင် မြို့ရိုး ရ ထပ်တို့သည် ယနေ့တိုင်တည်ရှိနေပြီး ကျိုက်ကသာ ၌တည်ရှိနေသည့် မြို့ရိုးများမှာ ငလျှင်လှုပ်ပြီး ပျက်စီးသွားကာ ယခုလက်ရှိ ၅ ထပ်မျှသာ ကျန်ရှိနေကြောင်း သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖေါ်မှုကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ – ၂၆ ရက်နေ့ (၂) ရက်တာ ကျင်းပခဲ့သော မြို့ ဟောင်းတူးဖော်ရေး စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် မြို့ဟောင်းတူးဖေါ်ရန် ဆုံးဖြတ်ခဲ့ကြပြီး နိုင်ငံတော်ဘက် ဂျက်ခွင့်ပြုချက်ဖြင့် (၃) နှစ် နှင့် (၅) နှစ် နှစ်ပိုင်း ခွဲထားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ တူးဖေါ်နေသည့် ဝင်းကရွာနှင့် အရက်သည်မရွာတွင် ဦးစားပေး တူးဖေါ်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

Most read this week