သန်းခေါင်စာရင်းနှင့်ပတ်သက်၍ သံတွဲခရိုင်လဝကဦးစီးမှူးဦးလှဌေးအား တွေ့ဆုံမေးမြန်းချက်

သန်းခေါင်စာရင်းနှင့်ပတ်သက်၍ သံတွဲခရိုင်လဝကဦးစီးမှူးဦးလှဌေးအား တွေ့ဆုံမေးမြန်းချက်
by -
၀တီမိုး (ရခိုင်ပြည်နယ်)

စက်တင်ဘာလက ပဋိပက္ခဖြစ်ပွါးခဲ့သည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း လာမည့် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ  ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူသွားမည့်အခြေအနေနှင့်ပတ်သက်၍ သံတွဲခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးအား ရခိုင့်အသံမှ ဝတီမိုးက သွားရောက် တွေ့ဆုံမေးမြန်းချက်များ ဖြစ်သည်။

မေး။        ။  ၁၂ ရက်ကြာ သန်းခေါင်စာရင်းကောက်ယူမယ်ဆိုတော့ သံတွဲခရိုင်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိနိုင်ပါသလား။
ဖြေ။        ။ ဒီသန်းခေါင်စာရင်းကောက်ယူမှုကို ပြည်သူတွေ နားလည်သဘောပေါက်ဖို့လိုပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုဟာ ဒေသဖွံ့ဖြိုးရေးကို ဦးတည်တယ်ဆိုတာကို ပြည်သူတွေနားလည်ဖို့လိုပါတယ်။ နိုင်ငံတော် အစိုးရက ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက် လူဦးရေအတိကျ သိဖို့လိုအပ်ပါတယ်။ ဒါတွေကိုပြည်သူတွေသိအောင် ကြိုးစားရမှာဖြစ်တယ်။ ဒါဆိုရင် အခက်အခဲတွေ မရှိနိုင်ပါဘူး။

မေး။        ။  စမ်းသပ်သန်းခေါင်စာရင်းကောက်တဲ့အချိန်က စစ်တွေမှာ စာရင်းကောက်တွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုမျိုးတွေရှိခဲ့ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီးတော့ သံတွဲမြို့နယ် အနေအထားကို ဘယ်လိုသုံးသပ်မိပါ သလဲ။
ဖြေ။        ။ ရခိုင်ပြည်နယ်  တောင်ပိုင်း နှင့် မြောက်ပိုင်းအခြေအနေက မတူဘူး။ ကျွန်တော် ရောက်တာလည်း သိပ်မကြာသေးပါဘူး။ သံတွဲက နဂိုကတည်းက အေးအေးချမ်းချမ်းလေးပါ။အခက်အခဲတော့ မရှိနိုင်ဘူးလို့ သုံးသပ်မိတယ်။ လောလောဆယ် ဒီသန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က ကျွန်တော်တို့ကို ကန့်ကွက်တဲ့ အနေအထား တစုံတရာ မတွေ့ရသေးပါဘူး။ စာရင်းကောက်မည့် သူတွေက လည်း ဒေသခံဆရာ၊ ဆရာမတွေ ဖြစ်တယ်ဆိုတော့ အခက်အခဲတော့ မဖြစ်နိုင်ပါဘူး။

မေး။         ။ သန်းခေါင်စာရင်းမှာ လူမျိုးအမည် ထည့်သွင်းထားတာ တကယ်ရော မိမိလူမျိုးကို အမှန်တကယ် ထည့်မယ်လို့ မျှော်လင့်လား။
ဖြေ။         ။ အမည်စာရင်းထည့်သွင်းတဲ့အခါ အဓိက စာရင်းကောက်နဲ့ ဖြေဆိုသူတွေအပေါ်မှာ မူတည်ပါတယ်။ ဒီမှာက ဘင်္ဂါလီနှင့် ကမန်တို့ သွေးနှောနေတဲ့သူတွေရှိတယ်။ ရခိုင်နှင့် ဗမာ သွေးနှောနေတဲ့သူတွေရှိတယ်။ ဒီလို လူမျိုးနှစ်မျိုး သွေးနှောနေတဲ့သူတွေက နှစ်မျိုးစလုံးခံယူလို့မရဘူး၊ တစ်မျိုးတည်းကိုသာ ဖော်ပြရမယ်။ လိမ်ညာပြီးလည်းပြောလို့မရဘူး၊ စာရင်းထည့်တဲ့အခါလည်း အမည်စာရင်းနဲ့ ဖော်ပြမှာမဟုတ်ဘူး၊ သတ်မှတ်ထားတဲ့ Code နံပါတ်နဲ့ ဖော်ပြသွားမှာဖြစ်တဲ့အတွက် အဲဒီ စာရင်းထဲမှာ မပါတဲ့ လူမျိုးကတော့ Other
ထဲကို ရောက်ချင်ရောက်သွားလိမ့်မယ်။ မမှန် မကန်ဖြေရင်တော့ Other ကိုတောင် ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် စာရင်းကောက်သူတွေကလည်း ဂရုတစိုက်လုပ်ဆောင်ဖို့လည်း လိုပါတယ်။

မေး။     ။ လက်ရှိ ဦးစီးတို့အနေနဲ့ သံတွဲမြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာတွေ ဆောက်ရွက်နေပါလဲ။
ဖြေ။     ။ မြို့နယ်သန်းခေါင်စာရင်းကော်မတီမှာပါ၀င်တဲ့ သန်းခေါင်စာရင်းကော်မတီဝင်တွေ၊ ပြန်/ဆက်၊ ထွေအုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနှင့်အတူ ပူးပေါင်းပြီး ပြည်သူတွေက ဒီသန်းခေါင်စာရင်းကောက် ယူမှုကို နားလည်သဘောပေါက်ဖို့အတွက် ကျေးရွာတွေကို ဆင်းပြီး ဟောပြောပွဲတွေ ပြုလုပ်နေကြပါတယ်။ အခုဆိုရင် သံတွဲမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၆၃ အုပ်စု ပြီးစီးသွားပါပြီး။  မကြာခင်အချိန်မှာ စာရင်းကောက်မည့် ပညာရေးဌာနက ဆရာ၊ ဆရာမတွေကိုသင်တန်းပို့ချသွားမှာဖြစ်တယ်။

မေး။      ။ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူမှုအတွက် ဘာတွေ လိုအပ်လဲ။
ဖြေ။       ။ အဓိကကတော့  ပြည်သူတွေကလည်း တက်တက်ကြွကြွ ပူးပေါင်းပါ၀င်မယ်ဆိုရင် တော့ သန်းခေါင်စာရင်း ကောက်ယူမှုက အခက်အခဲမရှိ ပြီးဆုံးသွားမှာပါ။

(ပြီး)