ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် သေနတ်ဖြင့်ပစ်ခံရသော်လည်း ထိခိုက်မှုမရှိ

ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် သေနတ်ဖြင့်ပစ်ခံရသော်လည်း ထိခိုက်မှုမရှိ
by -
နိရဥ္စရာ

မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ ကွာလာလမ်ပူ မြို့တော်အတွင်း မော်တော်ကားဖြင့် သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်းထိခိုက်မှုမရှိဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းတို့က ဖေဖော်ဝါရီ ၆ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“ဒဏ်ရာမရဘူး၊ စုစုပေါင်း ငါးချက် အပစ်ခံရတာပါ။ ကားတံခါးကို သုံးချက်၊ နောက်ဖုံးမှာ နှစ်ချက် ပါ။ ဒေါက်တာအေးမောင်စီးတဲ့ဖက်က မှန်ကွဲသွားတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။ ဖေဖော်ဝါရီ ၅ရက် မလေးရှားစံတော်ချိန် ည ၁၁နာရီ ၂၀ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သူမျှ ထိခိုက်မှုမရှိဟု ၎င်းက အတည်ပြုသည်။

အဆိုပါ ဖြစ်စဉ်ကို မလေးရှားရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်ထားသည်ဟုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီးက ဆိုသည်။ “အခုသူတို့ကို လုံခြံုတဲ့နေရာမှာ ထားပြီးတော့ လုံခြံုရေးလည်း ယူထား ပါတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်ခေါင်းဆောင်များသည် မလေးရှားရောက် ရခိုင်လူမှု ကယ်ဆယ်ရေး အဖွဲ့(ARRC)၏ ဖိတ်ကြားမှုဖြင့် ဇန်နဝါရီလ ၂၈ရက် ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့ဝင်၆ဦး ပါဝင်သည်။

“ကုန်တိုက်တစ်ခုက အထွက်မှာ လိုက်ပြီး ပစ်တယ်လို့ တစ်ဆင့်ကြားပါတယ်။ မနက်ဖြန် ပြန်ရောက်ပါလိမ့်မယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

ရခိုင်ခေါင်းဆောင်များ၏ မလေးရှားခရီးစဉ်တွင် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ အပါအဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဦးစံကျော်လှ၊ ဦးနိုင်ကောင်းစံ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် တို့လိုက်ပါသွားကြသည်။

Most read this week