၂၀၁၃ ဧပြီလ ၁ ရက်မှစ၍ နေ့စဉ်ထောက်ပံ့ငွေကျပ် ၈၀၀ ခံစားခွင့်ရရှိခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့သည် လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေတစ်ထောင်ခံစားခွင့်ရရှိနိုင်ရန် တင်ပြထားပြီဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖေဖော်ဝါရီ ၄ ရက်က ပြည်သူ့ လွှတ်တော်တွင် ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ ၂၄ နာရီ တာဝန်ထမ်းဆောင်ရသူတွေဖြစ်လို့ တပ်မတော်သားများ နည်း တူ ရိက္ခာနှင့် သင့်တင့်သောလစာများ ရရှိလျက်ရှိရာ ရိက္ခာထောက်ပံ့ငွေအဖြစ် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကျပ် ငါးရာနှုန်း၊ ၂၀၁၃-၁၄ မှာ ကျပ်ရှစ်ရာနှုန်း ခံစားလျက်ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ်တစ်ထောင်နှုန်း တိုးမြှင့်ခံစားခွင့်ရရန် တင်ပြထားဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ပေါက်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညို၏ မေးခွန်းကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ရဲများ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါလှကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ဝင်တို့၏ နေထိုင်မှု၊ လစာနှင့် ခံစားခွင့်တို့မှာ နည်းပါးနေကြောင်းဟု အစချီလျက် ရဲတပ်ဖွဲ့ဝင်တို့ အား တပ်မတော်သားများ နည်းတူ လစာနှင့်ခံစားခွင့်များ တိုးမြှင့်ပေး၍ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ အဆင့်မြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” ဟူသော ဦးခင်မောင်ညို၏ အမေးကို ပြည်ထဲရေး ဒု-၀န်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သက်စွန့်ကြိုးပမ်း စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်လျက်ရှိတဲ့ တပ်မတော်သားတွေကို အခြားသော ၀န် ထမ်းများထက် လစာပိုပေးခြင်း၊ ရိက္ခာအဖြစ် ဆန်၊ ဆီ၊ ကုလားပဲ၊ နို့ဆီအပါအဝင် စားသုံးကုန်၁၅ မျိုး အခမဲ့ထုတ်ပေးပြီး ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ်အဖြစ် ငွေကျပ်ငါးထောင်စီ ထုတ်ပေးထား ပါတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆက်လက်ရှင်းလင်းရာတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်၊ လုပ်ငန်းသဘာဝနှင့် အခြေစိုက်နေထိုင်မှုများ မတူညီကြ သည့်အတွက် လစာ၊ ရိက္ခာများလည်း တူညီမှု မရှိနိုင်ဟု ဆိုသည်။
“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို တပ်မတော်သားများကဲ့သို့ လစာနှုန်းထားနဲ့ ခံစားခွင့်များ တူညီခံစားနိုင်မှု မရှိသော်လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ခေတ်မီတိုးတက်စေရေးအတွက် ဘဏ္ဍာရေးခွင့်ပြု ချက်များနဲ့အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်”ဟု ၎င်းက လွှတ်တော် အစည်းအဝေးတွင် ဖြေကြားသည်။