ရမ်းဗြဲနယ်က သာယာလှပတဲ့ ပင်လယ်ကမ်းခြေ တရားမဝင် ကျူးကျော်မူများရှိနေဟုဆို

ရမ်းဗြဲနယ်က သာယာလှပတဲ့ ပင်လယ်ကမ်းခြေ တရားမဝင် ကျူးကျော်မူများရှိနေဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ သာယာလှပသော ပင်လယ်ကမ်းခြေ တစ်ခုအား ဒေသအတွင်းမှ အာဏာရှိ အချို့မှ တရားမဝင် ကျူးကျော်ကာ မိမိပိုင်မြေအဖြစ် သိမ်းယူရန် စီစဉ်နေသည်ဟု ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

၎င်းပင်လယ်ကမ်းခြေမှာ ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် အောင်လှပြင် ကျေးရွာ အနီးရှိ အောင်လှပြင် ပင်လယ်ပြင် ကမ်းခြေဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ အများပြည်သူပိုင် ပင်လယ်ကမ်းခြေအား ခြံထိုးပြီး မိမိပိုင်မြေအဖြစ် သိမ်းပိုက်ရန် ကြိုးစားနေပုံကို လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ဦးသန်းဌေးက ယခုလို ပြောသည်။

ဦးသန်းဌေးက“ မြေအကျယ် ၃ ဧကခန့်ရှိပါတယ်။ ရမ်းဗြဲကျွန်းရဲ့ တောင်ဘက်အစွန်ဆုံး ပင်လယ် ကမ်းခြေ ဖြစ်ပါတယ်။ အနာဂတ်မှာ ငပလီလို အပန်းဖြေ ကမ်းခြေ ဖြစ်လာမှာကို သိတဲ့ အတွက် ဒေသအတွင်းက ခရိုနီ အငယ်စားတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အဲဒီနေရာက မြေတွေကို သိမ်းဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းကိစ္စအား ကျေးရွာသားများက မြို့နယ် အုပ်ချုပ် ဦးအောင်ကျော်ဦးနှင့် မြေစာရင်းဌာနသို့ တိုင်ကြား သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည်သာမက တရားမဝင် ကျူးကျော်ပြီး မြေသိမ်းရန် ကြိုးစားနေသူများဘက်မှ ရပ်တည်ပေးနေသလိုုပင် ရှိနေသည်ဟု ဦးသန်းဌေးက ဆိုသည်။

“ ကျွန်တော်တို့က အခုလို အများပြည်သူပိုင် မြေတွေကို ကိုယ်ပိုင်မြေ ပြုလုပ်နေတဲ့အပေါ် အထက်ကိုတိုင်ကြား တဲ့ အတွက် လွန်ခဲ့တဲ့နှစ် နိုဝင်္ဘာလ ၁၉ ရက်နေ့က ကျွန်တော်ရဲ့ နေအိမ်ကိုဝင်လာပြီး ရန်ရှာတာတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေ ရှိတဲ့ အတွက် အဲဒီလ ၂၀ ရက်နေ့မှာ သွားတိုင်ပါတယ်။ ဒါပေမယ့်ရဲက ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိဘူး။ သူတို့ကိုယ်တိုင် ရပ်တည်ပေးနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုအခါ ၎င်းအောင်လှပြင် ပင်လယ်ကမ်းခြေတွင် အုန်းပင်များ စိုက်ပျိုးခြင်း၊ ခြံထိုးခြင်းများကို ပြုလုပ်နေကြပြီး ၎င်းကဲ့သို့ လုပ်ဆောင်ရာတွင် အောင်လှပြင် အုပ်ချုပ်ရေးမှူးနှင့် တခြား ဒေသအတွင်းက စီးပွားရေး သမားများ ပါ၀င်သည်ဟု သိရသည်။

အောင်လှပြင် ပင်လယ်ကမ်းခြေကို ရမ်းဗြဲမြို့မှ ဒေသခံပြည်သူများ မကြာခဏ လာရောက် အပန်းဖြေသော နေရာ ဖြစ်သလို ရပ်ဝေးမှ ရောက်ရှိလာသူများလည်း လာရောက် လည်ပတ်ကြသော နေရာ ဖြစ်ကြောင်း ရမ်းဗြဲ ဒေသခံ ဦးကျော်စွာက ပြောသည်။

“ ပြည်သူတွေ လာရောက်တဲ့ နေရာ ဖြစ်သလို အနာဂတ်မှာ တန်ဖိုးရှိလာမယ့် နေရာဆိုတော့ ကြိုပြီး လက်ဦးမူ ရယူပြီး သိမ်းယူဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။ ခုလိုမျိုးတော့ အများပိုင် ပြည်သူတွေ အပန်းဖြေတဲ့ နေရာကို ကိုယ်ပိုင် သိမ်းယူဖို့ လုပ်တာမျိုးကတော့ ဒီနေ့ ခေတ်ကြီးမှာ မဖြစ်သင့်တော့ဘူးလို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ အောင်လှပြင် ပင်လယ်ကမ်းခြေမှ မြေများကို သိမ်းယူရန် ကြိုးစားနေမူ အပေါ် ဒေသခံများကလည်း ကျေနပ်မူ မရှိကြဟု သိရသည်။

Most read this week