မီဒီယာလွတ်လပ်ခွင့် ပိုမိုရလာခြင်းသည် ရောထွေးနေသောရလဒ်များကို ဆောင်ကြဉ်းဟုဆို

မီဒီယာလွတ်လပ်ခွင့် ပိုမိုရလာခြင်းသည် ရောထွေးနေသောရလဒ်များကို ဆောင်ကြဉ်းဟုဆို
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် မီဒီယာကန့်သတ်ချုပ်ချယ်မှုများကို ဖယ်ရှားလိုက်ခြင်းသည် ရောထွေးနေသော ရလဒ် များ ထွက်ပေါ်လာစေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ USIP က ဆိုခဲ့ပြီး၊ သတင်းအချက် အလက်များကို ရရှိနိုင်သည့် အခွင့်အလမ်းများ တိုးတက်လာခြင်းသည် ပဋိပက္ခဖြစ်နိုင်ချေများကို လည်း ပိုမိုတိုးမြင့်လာစေခဲ့ကြောင်း USIP က ထုတ်ပြန်ခဲ့သည်။

၀ါရှင်တန်အခြေစိုက် USIP အဖွဲ့က ဇန်နဝါရီအတွင်းက ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၄၀ ပါ “မြန်မာနိုင်ငံ အတွင်း မီဒီယာနှင့်ပဋိပက္ခများ”ဟူသော အစီရင်ခံစာတွင် မီဒီယာလွတ်လပ်ခွင့်ပိုမိုရရှိလာခြင်း၏ ကောင်းသောအကျိုး ဆက်များနှင့် ဆိုးရွားသော အကျိုးဆက်များကို ဖော်ပြထားသည်။

“ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန် မီဒီယာများအတွက် အခွင့်အလမ်းများ”ဟုလည်း မျက်နှာဖုံးတွင် ခေါင်းစဉ် ငယ်တပ်ထားသည့် အစီရင်ခံစာတွင် သဘောထားများ ပြောင်းလဲကြရန် ရည်ရွယ်သည့် နည်းလမ်းများ ကို အကြံပြုထားကာ မီဒီယာများသည် ရေတိုကာလနှင့်၊ သိပ်မဝေးသည့် ကာလများအတွင်း အကြမ်း ဖက်မှုများကို မီးလောင်ရာလေပင့်ပေးသည့် အနေအထားမျိုးဖြစ်မလာအောင် ကာကွယ်စောင့်ကြပ်သင့် ကြောင်းလည်း အကြံပြုထားသည်။

ဘာသာတရားများအကြား နားလည်မှုများပိုမိုမြင့်တက်လာစေရန်၊ သည်းခံမှုများ မြင့်မားလာစေရန်၊ ဘာ သာကွဲများအကြား ခွဲခြားဆက်ဆံမှုမရှိသော သဘောထားများနှင့် အလေ့အထများ မြင့်တက်လာစေရန်၊ အစ္စလာမ်ဆန့်ကျင်ရေးအတွက် သတင်းမှားပေးခြင်းများကို တန်ပြန်နိုင်ရန်၊ အမုန်းတရား ဖြန့်ဖြူးမှုများကို စောင့်ကြည့်ရန်နှင့် တားဆီးရန်၊ မီဒီယာတတ်မြောက်နားလည်မှုကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံသည် ကိုး ကွယ်ယုံကြည်မှုအမျိုးမျိုးဖြင့် ထွေပြားကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း အမြင်ကို အထောက်အပံ့ပေးရန် တို့ကိုလည်း ရေးသားထားသည်။

ဥပမာပေးရလျှင်၊ မမှန်မကန်လုပ်သူများ တာဝန်ခံမှုရှိလာစေရေး၊ အုပ်ချုပ်ရေးတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်ရေးနှင့် ယခင်က အားပြိုင်နေခဲ့ကြသော လူမျိုးစုများနှင့် ဘာသာရေးအုပ်စုများအကြား နား လည်မှုနှင့် ဖလှယ်မှုများ မြင့်တက်လာရေးတို့အတွက် အထောက်အကူပြုနိုင်သည့် သတင်းအချက်အ လက်များကို ပြည်သူများ ပိုမိုရရှိလာကြသည်။ ထိုကဲ့သို့ ပွင့်လင်းလာခြင်းကို အားပေးထောက်ခံသင့်ပါ သည်ဟု ရေးသားသည်။

သို့သော် သတင်းအချက်အလက်များ ပိုမိုရရှိလာခြင်းသည် ပဋိပက္ခဖြစ်နိုင်ခြေများကိုလည်း ဆောင်ကျဉ်း လာပါသည်။ ယခင်က ကန့်သတ်ချုပ်ချယ်ထားမှှုများအောက်တွင် အမှန်အမှားများ ရောထွေးနေသည့်၊ အစိုးရ ကျောထောက်နောက်ခံပြု သတင်းများကိုသာ ဆယ်စုနှစ်များစွာ မှီခိုခဲ့ရသည့် ပြည်သူများအနေ ဖြင့် ယေဘုယျအားဖြင့် မီဒီယာရေးရာ သိမြင်နားလည်မှု အကြီးအကျယ် နိမ့်ကျလျက်ရှိနေကာ ကောလာဟလ များကို တကယ့်အချက်အလက်မှန်များကဲ့သို့ ယုံကြည်အလေးထားကြဟန် ရှိနေသည်ဟု အစီ ရင်ခံစာထဲတွင် ရေးသားထားသည်။

အထူးခြားဆုံးမှာ အကူးအပြောင်းကာလကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သည့်၊ နိုင်ငံအဝှမ်းရှိ ဗုဒ္ဓဘာသာ ၀င်များနှင့် မွတ်ဆလင်အသိုင်းအဝိုင်းများအကြား ဖြစ်ပွားခဲ့သော အုပ်စုလိုက် ပဋိပက္ခများနှင့် ဆက်စပ်၍ ဖော်ပြရပါလျှင်၊ အချို့မှာ အမုန်းတရားဖြန့်ဖြူးရန်နှင့် အုပ်စုတစ်စုကို ဆန့်ကျင်ရေး၊ အထူးသဖြင့် မွတ်ဆ လင်ဆန့်ကျင်ရေးကို စည်းရုံးလှုံ့ဆော်ရန် မီဒီယာများ (အထူးသဖြင့် လူမှုမီဒီယာများ)ကို အသုံးချနေကြ ပါသည်။

စစ်အစိုးရလက်ထက်က ချုပ်တည်းထားခဲ့ရသည့်၊ အုပ်စုတစ်ခုခု ဆန့်ကျင်ရေး သဘောထားများသည်၊ ပွင့်လင်းလာသည့် အခြေအနေသစ်အောက်တွင် ပွင့်ထွက်လာခဲ့ကြပြီး အင်တာဗျူးဖြေကြားသူအချို့၏ အဆိုအရ သိရသည်မှာ၊ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များကိုဆန့်ကျင်လိုသည့် အထက်လွှာမှပုဂ်္ဂိုလ် အချို့သည် ယင်းတို့ နိုင်ငံရေးအကျိုးအမြတ် ရရှိစေရန်နှင့် မုန်းတီးဆန့်ကျင်ရေးသဘောထားများ ပေါ် ထွက်လာစေရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်ဟုလည်း ပါရှိသည်။

အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားလူနည်းစုများ ပါ၀င်ကြသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ စသည်တို့နှင့် မတူညီသည်မှာ ယခုပဋိပက္ခများ၏ အဓိကအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်း မည့်ထိရောက် သော ယန္တရားမျိုးနှင့် နိုင်ငံရေးအရ သို့မဟုတ် အများနှစ်သက်မည့် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းလှုပ်ရှားမှုမျိုး မရှိခြင်းပင် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

နိုင်ငံရေးသမားများ၊ ဘုန်းတော်ကြီးများ၊ အတွေးအမြင်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် ကမ္ဘာသိ ပုဂ်္ဂိုလ် များသည် အများပြည်သူ၏ အထင်အမြင် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သလို ဖြစ်သွားပါက အများ ထောက်ခံယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးသွားမည့် အခြေအနေမျိုး ရှိနေခြင်းကြောင့်လည်း အလယ်အ လတ်အသံများထက် အစွန်းရောက်သော အသံများသာ လွှမ်းမိုးရှင်သန်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖြစ်ပေါ်စေလျက်ရှိသည်ဟု အစီရင်ခံစာထဲတွင် ပါရှိသည်။

ထိုကဲ့သို့သော သတင်းတင်ပြချက်များ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပျံ့နှံ့လာကြကာ၊ ဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်လက္ခဏာများကို ခြိမ်းခြောက်ခြင်းခံရသကဲ့သို့ စိုးရိမ်ကြောင့်ကြမှုများကို အားဖြည့်ပေးသလိုဖြစ် ပြီး ပဋိပက္ခများကို ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာက ဆိုသည်။

အရည်အသွေး မြင့်မားကာ ကျင့်ဝတ်နှင့်ညီညွတ်သော သတင်းတင်ပြချက်များကို တင်ဆက်နိုင်မည့် ကျွမ်းကျင်မီဒီယာပညာရှင်များ ပြတ်လပ်မှုကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ USIP သည် လွတ်လပ်သော၊ ဘက်မလိုက်သော အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က တည်ထောင်ကာ ငွေကြေးထောက်ပံ့ထားသည့် အဖွဲ့အစည်းဖြစ်သည်။