စည်းလုံးညီညွှတ်ရေး ပြန်လုပ်ဆောင်ရန်လိုဟု တော်လှန်ရေးနေ့၌ ကေအဲန်ယူပြော

စည်းလုံးညီညွှတ်ရေး ပြန်လုပ်ဆောင်ရန်လိုဟု တော်လှန်ရေးနေ့၌ ကေအဲန်ယူပြော
by -
ကေအိုင်စီ

ယနေ့ကျရောက်သော ၆၅နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ကို ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တပ်မ ဟာ(၇)ဌာနချုပ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ပဒိုစော ကွယ်ထူးဝင်းက ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးအတွက် ပြန်လည်လုပ်ဆောင်ကြရန်လိုအပ်ကြောင်း ပြောဆိုလိုက်သည်။

“စည်းလုံးညီညွှတ်မှုဟာ ကျနော်တို့ ပြန်ပြီးတော့ လုပ်ဆောင်ဖို့လိုတယ်။ ကျနော်တို့ ရည်ရွယ်၊ ကြိုးစားလုပ် ဆောင်လာခဲ့တာပဲ။ ဘီဂျီအက်ဖ်ဟာလည်း ပြောရမယ်ဆို တချိန်တုန်းက ကျနော်တို့ ကေအဲန်ယူရဲ့အစိတ် အပိုင်းတစ်ခုပါ။ ဒီကေဘီအေလည်း အဲလို ပါပဲ။ ဒါကြောင့်မို့ ကျနော်တို့ဟာ လက်နက်ကိုင်အဖွဲ့ အစည်းတွေ အကုန်လုံး ပြန်ပြီးတော့ နားလည်မှုရှိရှိနဲ့ ကျနော်တို့ အမျိုးသား အကျိုးနဲ့ နိုင်ငံအတွက်တော့ လုပ်ဆောင်သွား ရမှာပဲ”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

အဆိုပါ အခမ်းအနားကို မနက် ရနာရီတွင် စစ်ရေးချီတက်ခြင်း အစီအစဉ်ဖြင့် စတင်ခဲ့ကြပြီး ကေအဲန်ယူ ဥက္ကဌနှင့် အရပ်ဖက်၊ တပ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ၊ နယ်ခြားစောင့်တပ်မှ တပ်မှူးတပ်သားအချို့ အပါအ ၀င် လူထုပရိဿတ် သုံးထောင်နီးပါး လာရောက်ဆင်နွဲခဲ့ကြပြီး ကရင်အမျိုးသမီး အစည်းအရုံး၊ ကရင်လူငယ် အစည်းအရုံးတို့ အပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်အမျိုးသားကောင်စီတို့မှ သဝဏ်လွှာများပေးပို့ ခဲ့ကြသည်။

ထိုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နာမည်ကြီးကရင်အဆိုတော် ကဗျာဘွဲ့မှူးကလည်း တော်လှန်ရေးနေ့ စတိတ်ရှိုး ပွဲ၌ ဇန်နဝါရီ ၃၀ ရက်နေ့ညက လာရောက်သီဆိုပေးခဲ့ သကဲ့သို့ နယ်ခြားစောင့်တပ်(၁၀၁၅)တပ်ရင်း၏
ဇာတ်အဖွဲ့တစ်ဖွဲ့ကလည်း ဇန်နဝါရီလ ၂၉ ရက်မှစ၍ သုံးညတိုင် လာရောက်ကပြခဲ့သည့် အပြင်တော်လှန်ရေး နေ့ အခမ်းအနားအပြီး၌ ဒုံးအကများဖြင့်ဖျော်ဖြေခဲ့ကြသည်။

BGF (၁၀၁၅)တပ်ရင်းမှူး ဗိုလ်မှူးစောဝင်းနိုင်စိန်က “ကိုယ့်လူထုအတွက်၊ ကိုယ့်လူမျိုးအတွက် သင့်မြတ်ညီညွှတ် ဖို့ကို ကျနော်တို့ လည်း ခံယူထားပါတယ်။ ကျနော်တို့ မိခင်အဖွဲ့အစည်းက ကေအဲန်ယူပဲ။ အရင်က ကျနော်တို့ တွေဟာ သွေးခွဲခံရတယ်။ ကရင် အချင်းချင်း ဖြစ်ပေမဲ့ မျက်နှာမကြည့်နိုင်ကြဘူး။ အခု အတူတကွရှိနေကြတယ် လေ။ တော်လှန်ရေးနေ့ပွဲကို လာရတာ စိတ်ရွှင် လန်းတယ်။ တချိန်မှာကျနော်တို့ကရင် တွေအားလုံး ညီညွှတ်ဖို့ မျှတဖို့ကို ကျနော်ရည်စူးပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အခမ်းအနား အစီအစဉ်နောက်ဆုံးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးစော ဂျော်နီ အပါအဝင် တက်ရောက်လာသူ ကရင်လက်နက်ကိုင်ခေါင်း ဆောင်များကကရင်အမျိုး သားအလံကို တစ်ပြိုင်နက်တည်း အလေးပြုခဲ့ကြသည်။

အလားတူ ကေအဲန်ယူ ဖာပွန်ခရိုင်ရှိ ဒေးပူနိုနယ်မြေ၌လည်း တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပရာအနီး တဝိုက်ရှိ ကရင် ကျေးရွာများမှ ကရင်လူထု ၅၀၀၀နီးပါးတက်ရောက်ခဲ့ကြပြီး ကေအဲန်ယူ ဒုဥက္ကဌပဒိုနော်စီဖိုး ရာစိန်နှင့် KNLA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောဘောကျော်ဟဲတို့ ပါ၀င်ခဲ့သည်ဟုသိရသည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က “ကရင့်တော်လှန်ရေးရာ ၆၅နှစ်ကြာသွားပြီး ဒါပေမယ့် ကျမတို့ လိုလားတဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ ၁၉၄၉ရဲ့ စိတ်ကို မမေ့ကြပါနဲ့။ ကျမတို့တော်လှန်ရေးဟာမပြီးဆုံး သေးဘူး။ လုပ်ဆောင်တိုက်ပွဲဝင်ဆဲကာလ ဖြစ်တယ်။ အဲဒါကြောင့် ကျမတို့တွေ အားလုံး ဆက်လက်လုပ်ဆောင် သွားရမယ်”ဟု ဖာပွန်ခရိုင် တော်လှန်ရေးနေ့ အခမ်း အနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

တပ်မဟာ(၇)တွင် ကျင်းပသည့် ၆၅နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့၏ စစ်ရေးပြ အစီအစဉ်၌ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များလည်း ပူးတွဲပါ၀င်မည်ဟု သိရှိခဲ့ရသော် လည်း လေ့ကျင့်ပြင်ဆင်ချိန် မလောက်ငှမှု ကြောင့် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မ တီက ပြောဆိုသည်။ သို့သော် ခွဲထွက် ကရင်လက်နက်ကိုင် အဖွဲ့များအနေဖြင့် မိမိတို့၏ယူနီဖောင်း၊ လက်နက် အပြည့်အစုံဖြင့် တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

Most read this week