အဆင့်မြင့်ပညာရေးနဲ့ အနာဂတ်ဘဝ လှပစေချင်

အဆင့်မြင့်ပညာရေးနဲ့ အနာဂတ်ဘဝ လှပစေချင်
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းက ကလေဖိုးကလိုး စာသင်ကျောင်းတွင် ကလေးသူငယ်များ၏ သီချင်းဆိုသံကို ကြား နေရသည်။ သီချင်းအဆုံးမှာ နော်ထူးလာဖောကပြံုးရင်း သူမ၏လက်ပေါ်မှ ၁နှစ်သားလေးငယ်ကို ချီပိုးချော့သိပ်နေသည်။ နေ့လည်ကျောင်းဆင်းချိန်ရောက်ပြီမို့ ကျောင်းသူ ကျောင်းသားများကလည်း ကျောင်းမှ ထွက်ခွာရန် ပြင်ဆင်နေကြသည်။

နော်ထူးလာဖောသည် ကလေဖိုးကလိုးကျောင်းမှ ကျောင်းဆရာ၊ဆရာမ လေးဦးအနက် တစ်ဦးဖြစ်သည်။ သူငယ်တန်းမှ ၅တန်း အထိ ကျောင်းသူကျောင်းသား ရ၀ခန့် သင်ကြားလျက်ရှိသည့် သူမ၏ကျောင်းတွင် စာသင်ခန်းများကို သီးသန့် ဖွဲ့စည်းထားခြင်း မရှိဘဲ အခန်းအလယ်တွင် ကျောက်သင်ပုန်းနှစ်ချပ်ထောင် ထားကာ သင်ကြားပို့ချနေရသည်။ ကျောက်သင်ပုန်းပတ်လည်တွင် သစ်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံတန်းရှည်လေးများ စီထားသည်။

ကလေးသုံးယောက်မိခင် ဆရာမနော်ထူးလာဖော၏ ကလေးသုံးယောက်ထဲမှ နှစ်ယောက်မှာ ထိုကလေ ဖိုးကလိုးကျောင်းတွင် ပညာသင်ယူလျှက်ရှိရာ ကျောင်းသုံးပစ္စည်း မလုံလောက်မှုနှင့် စာသင်ခြင်း အခက်အခဲများကို ယခုလို ပြောသည်။ “ကျမတို့ ကျောင်းမှာ စာအုပ်တွေ မလုံလောက်ဘူး။ ကျောင်းသား အားလုံးအတွက် ကျောင်းသုံးဖတ်စာအုပ် အတွဲ ၂၀ပဲရတယ်။ တခါတ လေ သင်ရိုး ညွန်းတမ်းတွေ ပြောင်းတဲ့အတွက်ကြောင့် စာသင်ရတာ အခက်အခဲဖြစ်စေတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မှ ခြေလျင်ဖြင့် ၃နာရီခန့်ကြာ လမ်းလျှောက်ရသည့် ကလေဖိုးကလိုးရွာကျောင်းမှာ ကျောင်းသူကျောင်းသား များအတွက် လိုအပ်သည့် စာအုပ်များ၊ စာရေးကိရိယာများကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ်လဒုက္ခသည်စခန်းမှ အကူအညီရယူရ သလို ငါးတန်းအောင်မြင်ပြီးသော ကျောင်းသူကျောင်းသား များမှာလည်း ထိုဒုက္ခသည်စခန်းသို့ သွားရောက်၍ ပညာသင်ကြားကြ ရသည်။

ထိုကျောင်းတွင် သင်ကြားသည့် ကျောင်းဆရာတဦးကို တနှစ်လျှင် ထိုင်းဘတ်ငွေ ၃,၆၀၀ဘတ်နှုန်းဖြင့် ကရင်ပညာရေးဌာန (KED)မှ ထောက်ပံ့ပေးလျှက်ရှိပြီး ကျောင်းသူကျောင်းသားများအတွက် လိုအပ်သည့် စာရေးကိရိယာများနှင့် အခြားကျောင်းသုံး ပစ္စည်းအချို့ကို ပံ့ပိုးကူညီသော်လည်း လုံလောက်ခြင်း မရှိပေ။

“ကျောင်းဆရာမ လုပ်အားခက မိသားစု စားဝတ်နေရေးအတွက် မလုံလောက်ဘူး။ အပြင်အလုပ်တွေ လုပ်ရတယ်။ တောင်ယာ လုပ်ငန်းတွေပေါ့နော်။ မနက်စောစော ကျောင်းမတက်ခင် ကျမသားသမီးတွေ အတွက် ထမင်းချက်တယ်။ ပြီးရင် ကလေးတွေကို စာသင်ဖို့အတွက် ကျောင်းကိုလာရတယ်”ဟု နော်ထူး လာဖောက ဆက်ပြောသည်။

နော်ထူးလာဖောအနေဖြင့် တနင်္လာမှ သောကြာနေ့များတွင် မနက် ၈နာရီခွဲမှ ညနေ ၃နာရီအထိ နေ့လည်နားချိန်မှလွဲ၍ ကျောင်းတွင် စာသင်ရပြီး သူမ၏ ခင်ပွန်းဖြစ်သူမှာ တောင်ယာလုပ်ငန်းဖြင့် မိသားစုကို လုပ်ကျွေးပြုနေရသည်ဟု ဆိုသည်။

ကျောင်းတွင် ထောက်ပံ့မှု၊ ပံ့ပိုးမှု အလုံအလောက်မရှိသော်လည်း ဆရာ၊ ဆရာမများက ကလေးများ၏ ပညာရေးအတွက် စေတ နာ၊ အနစ်နာ၊ ဂရုဏာဖြင့် အလုပ်လုပ်ကြသည်။ နော်ထူးလာဖောသည် ကလေဖိုး ကလိုးကျောင်းတွင် ဆရာမ လုပ်သက် ၉နှစ်ရှိ ပြီးဖြစ်သော်လည်း အခက်အခဲကြားမှ ကလေးများအတွက် စာသင်ပြရခြင်းကို ဂုဏ်ယူကြောင်း သူမက ပြောသည်။

“ကျမကတော့ မျိုးဆက်သစ် ကရင်လူငယ်လေးတွေကို ကျမ သိထား၊ တတ်ထားတဲ့အရာတွေ ပေးချင်တယ်။ ကျမတို့ ကျောင်း မှာအောင်သွားတဲ့ ကျောင်းသူကျောင်းသားတွေ အများကြီးရှိတယ်။ တချို့ဆိုရင် အခု အထက်တန်းလွန်ကျောင်း (Postern)တွေ မှာ ပညာသင်ကြားနေပြီးဖြစ်တယ်။ အဲဒီအတွက် ကျမအလုပ်ကို ကျမဂုဏ်ယူတယ်။”ဟု သူမက ပြောသည်။

ကရင်ပြည်နယ်တွင် ကလေးများ၏ ပညာရေးနှင့်ပတ်သက်၍ ဆယ်စုနှစ်များစွာအတွင်း နယ်မြေမအေးချမ်းမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှုများကြောင့် တိုးတက်မှုနောက်ကျခဲ့သလို အဆိုပါပညာရေးအတွက် မြန်မာနိုင်ငံအစိုးရဘက်မှလည်း ဘဏ္ဍာငွေ အနည်းငယ်သာ သုံးစွဲခဲ့သည်ဟု သိရသည်။ ထို့အတွက် ကျောင်းဆရာ၊ဆရာမများမှာ လုပ်အားခနည်းပါးမှုကြောင့် အခက်အခဲ များ ကြုံတွေ့နေရပြီး နယ်မြေမအေး ချမ်းမှု၊ အိုးအိမ်မဲ့မှုနှင့် ဆင်းရဲမွဲတေမှုများသည် ကလေးများ၏ပညာရေးကို ထိခိုက်စေခဲ့ သည်။

၂၀၁၃ခုနှစ်အတွင်း ကုလသမဂ္ဂကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)၏ ထုတ်ပြန်သည့် အစီရင်ခံစာများအရ လွန်ခဲ့သော ၂နှစ်အတွင်း မြန်မာနိုင်ငံ၏ဘဏ္ဍာငွေ ၈၁% ရာခိုင်နှုန်းခန့် တိုးလာ သော် လည်း ပညာရေးနှင့် ကျန်းမာရေးအတွက် ဘတ်ဂျတ်ငွေသုံးစွဲမှုက နိုင်ငံတကာအဆင့် နှင့်ယှဉ်လျှင် နိမ့်ကျနေသေးကြောင်းနှင့် ၂၀၁၂-၂၀၁၃ခုနှစ်အတွင်း တိုင်းပြည်ဘဏ္ဍာ ငွေ၏ ၂၉%ရာခိုင်နှုန်းကို ကာ ကွယ်ရေး တပ်အသုံးစရိတ်အဖြစ် သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။

ကော်သူးလေပညာရေးဌာန(Kawthoolei Education Department-KED)က ကရင်ပြည်နယ်တွင် သန်းနှင့်ချီ သော ကလေးသူ ငယ်များ အခြေခံပညာရေးကို ကောင်းမွန်စွာ မရရှိကြ၊ အထူးသဖြင့် အစိုးရတပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့အကြား အပစ်အ ခတ်ရပ်စဲရေးမလုပ်မီ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ ရသော ကျေးလက်ဒေသများတွင် ကျောင်းဆရာ၊ဆရာမ မလုံ လောက်မှုများကိုလည်းကြံုတွေ့ခဲ့ရသေး သည်။

ယင်းဒေသ၌ တာဝန်ထမ်းဆောင်သည့် ကျောင်းဆရာ၊ဆရာမ အများစုမှာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အထက်တန်း ပညာသင်ယူပြီး ကရင်လူမှုအဖွဲ့အစည်းအတွက် ပြန်လည် အလုပ်လုပ်ကြ သူများဖြစ်သည်။ နော်ထူးလာဖောနှင့်အတူ ကလေဖိုး ကလိုးကျောင်းတွင် အလုပ်လုပ်နေသည့် အသက် ၂၅နှစ်အရွယ် စောတာဒိုသည်လည်း မယ်လဒုက္ခသည်စခန်းမှ အထက်တန်း ကျောင်းအောင်မြင်ခဲ့ပြီးနောက် ပထမဆုံးနှစ်အဖြစ် ထိုကျောင်းတွင် ကျောင်းဆရာအဖြစ် သွားရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။

ယခုဆိုလျှင် ကျောင်းဆရာ၊ဆရာမများအတွက် ပံ့ပိုးမှု၊ လစာထောက်ပံ့မှု နည်းပါးခြင်းမှာ ထောင်နှင့်ချီသော ကရင်ကလေးသူ ငယ်များအတွက် ကောင်းမွန်သော ပညာရေးရရှိရန် အဓိက အဟန့်အတားတခုဖြစ်သည်ဟု စောတာဒိုက ဆိုသည်။ “ကျနော်တို့ ကရင်တွေက အများအားဖြင့် ကျောင်းနေကြပါတယ်။ ဒါပေမယ့် မူလတန်းအထိပဲ နေနိုင်ကြတာများတယ်။ ကျနော်ကတော့ ကျနော်တို့ကရင်တွေ အဆင့်မြင့် ပညာရေး တွေကိုရပြီး အနာဂတ်ဘဝ လှပစေချင်တယ်။”ဟု စောတာဒိုက ပြောသည်။

“လစာထောက်ပ့ံမှု နည်းတဲ့အတွက်ကြောင့် အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေ ဒီမှာလာပြီးတော့ အလုပ် မလုပ်ချင်ကြဘူး။ ကျနော်ကတော့ အရည်အချင်းပြည့်ဝတဲ့ ဆရာတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပါ တယ်။”ဟု ပြောသည်။

ထိုဒေသသည် မြို့နှင့်လည်း အလှမ်းဝေးသလို ဝင်ငွေရသည့် အလုပ်အကိုင်လည်း ရှားပါးလှသည့်အတွက် ရွာသူရွာသား အများ စုမှာ တောင်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းပြုကြသည်။ သို့သော် ၎င်းတို့၏ ကလေးများ ပညာရရှိရေး ကျောင်းဆရာ၊ ဆရာမများကို တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးသည့်အတွက် ဆရာတစ်ယောက်၏ နေထိုင်ရေးမှာ ပြဿနာမရှိသော်လည်း စားရေးသောက်ရေးတွင်မူ ခက်ခဲလျှက်ရှိ နေသေးကြောင်း စောတာဒိုက ပြောသည်။

ထိုသို့ ဆင်းရဲဒုက္ခများလှသော်လည်း စောတာဒိုကို ကျောင်းဆရာတဦးအဖြစ် ဆက်လက် ရပ်တည်သွားရန် တွန်းအားပေးမှုများ ကလည်း ရှိသည်။ “ကျနော်တို့လူမျိုးတွေ အဲလိုဆင်းရဲဒုက္ခရောက်ရတာတွေ၊ ကလေးငယ် အများအပြား ပညာသင်ကြားခွင့် ဆုံး ရှုံးတာတွေတွေ့ရတော့ ကျနော်ကျောင်းဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပြီးတော့ ဒီဒေသမှာ တကယ်လည်း ကျောင်းဆရာ လိုအပ်နေတယ်လေ။”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြောင်းလဲမှု အတန်အသင့် ရှိလာသည်နှင့်အမျှ လာမည့်နှစ်တွင်ကလေး သူငယ်များအတွက် ကျောင်းသုံးပစ္စည်း ကူညီမှုများ၊ ပညာရေးဝန်ထမ်းများအား ထောက်ပံ့မှုများ ပိုမိုတိုးတက်ကောင်းမွန်လာရန် ကလေဖိုးကလိုးရွာ ရှိ ကျောင်းဆရာ၊ဆရာမများကလည်း ငြိမ်းချမ်းမှုနဲ့အတူ စောင့်မျှော်ငံ့လင့်နေကြပေသည်။

Most read this week