HRW စွပ်စွဲချက် RNDP ပါတီဥက္ကဌ ပယ်ချ

HRW စွပ်စွဲချက် RNDP ပါတီဥက္ကဌ ပယ်ချ
by -
နိရဥ္စရာ

လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW မှ ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီ ခေါင်းဆောင်များ အပေါ် စွပ်စွဲချက်မှာ အခြေအမြစ် မရှိသော စွပ်စွဲချက်ဟု ဆိုကာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်က ပယ်ချလိုက်သည်။

HRW ( Human Rights watch) အဖွဲ့သည် ယခုလ ၂၂ ရက်နေ့က ကမ္ဘာလုံးဆို်င်ရာ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် မွတ်ဆလင်ဘင်္ဂလီ (သူတို့ အခေါ် ရိုဟင်ဂျာ)များကို လူမျိုးတုန်း သတ်ဖြတ်မူများ ရှိနေကြောင်း ဖေါ်ပြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင်တွေကိုယ်တိုင် ဘင်္ဂလီလူမျိုး (သူတို့အခေါ် ရိုဟင်ဂျာ) ဆိုသူများကို မျိုးတုံး သတ်ဖြတ်မူမှာ ပါ၀င်သော အထောက်အထားတွေရှိသော်လည်း မြန်မာအစိုးရမှ မသိကျိုးကျွံပြုပြီး အရေးမယူဘဲထားခြင်းမှာ ထိန်ချန်ရာ ရောက်ကြောင်း အဲဒီအဖွဲ့က Phil Robertson ပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း)က ယခုလ ၂၂ ရက်နေ့က ဖေါ်ပြသည်။

HRW မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီခေါင်းဆောင်များကို စွပ်စွဲချက်မှာ ကြားစကားဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး သူတို့လိုတာကို မရသဖြင့် ရခိုင်လူမျိုးများအပေါ် ဖိအားပေးလို၍  နိုင်ငံရေး ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ယင်းပါတီ၏ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ ပြဿနာတခုကို တင်ပြတဲ့ အခါ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာ သုတေသန လုပ်ဖို့ အဖွဲ့စည်းတိုင်းမှာ တာဝန်ရှိပါတယ်။ ခိုင်ခိုင်မာမာ လေ့လာ သုတေသန လုပ်တာမဟုတ်ဘဲ စွပ်စွဲတာဟာ အလွန်အန္တရာယ်များပါတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်း သားများတိုးတက်ရေး ပါတီရဲ့ တရားဝင်ရပ် တည်မှုကို ပျက်ယွင်းလိုတဲ့ အင်အားစုတွေရှိပါတယ်။ ရခိုင်အမျိုးသားညီညွတ်ရေး တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေတာတွေကို နှောင့်နှေးစေလိုသူတွေ ရှိပါတယ်။ အဲဒီသူတွေရဲ့ စွပ်စွဲချက်ကို အခြေခံပြီး အစီရင်ခံစာ ရေးသားထုတ်ဝေတာဟာ နိုင်ငံရေး ပယောဂ မကင်းဘူးလို့ ယူဆလို့ရပါတယ်။ ရေးတဲ့ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်” ဟု ဆိုသည်။

တိကျခိုင်လုံသော အထောက်အထားမရှိဘဲ စွပ်စွဲချက်သည် မမြင်နိုင်သော ရည်ရွယ်ချက်များနှင့် သူတို့ ဖြစ်လိုရာကို တွန်းပို့လို၍ ရေးသားခြင်းသာ ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်ဆိုသည်။

ယင်းအပြင် ယခုအစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မူဟု သုံးနှုန်းထားခြင်းမှာလည်း အလွန်တရာ ကြောက်စရာကောင်းသည်ဟုလည်း ဒေါက်တာ အေးမောင်ကဆက်ပြောသည်။

“ ဒီစကားလုံကို သုံးနေတာကြာပါပြီ။ Aljazeera မှာတုန်းကလည်းသုံးတယ်။ အထူးသဖြင့် မူဆလင်နိုင်ငံ တွေမှာ ဖြစ်ပျက်နေမှုတွေ၊ အခု Centra Africa republic မှာဖြစ်ပျက်နေမှုတွေ။ ကျွန်တော်တို့ သိသလောက် ဆိုရင် မူဆလင်တွေနဲ့ ခရစ်ယာန် ဒီလိုကိစ္စတွေမှာ ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှုဆိုတဲ့ စကားလုံးကို သုံးခြင်းဟာ သုံးနှုန်းတဲ့ ပုဂ္ဂိုလ်အတွက် အလွန့်အလွန်အန္တရာယ် ရှိပါတယ်။ နောက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေလို့ စွပ်စွဲထားကလည်း အင်မတန်သတိထားဖို့၊ ဆင်ခြင်ဖို့ ကောင်းပါတယ်။ ခုနကပြောသလို လူမျိုးတုန်းသတ်ဖြတ်မှုလို့ သုံးနှုန်းတာကို ကျွန်တော်တို့ ရှုတ်ချတယ်။ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များကို စွပ်စွဲချက်များကိုလည်း ပယ်ချတယ်။ အထောက်အထားရှိရင် ရဲရဲရင့် ရင့် ချပြဖို့လိုတယ်”ဟု ပြောဆိုသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် ယခင်က ရခိုင်အမျိုးသားများ များစွာနေထိုင်ခဲ့သော်လည်း ယခုအချိန် တွင် ၅ ရာခိုင်နှုန်းခန့်သာ ရခိုင်အမျိုးသား နေထိုင်နေကြပြီး အများစုတိုင်းရင်းသားများမှာ တခြား လုံခြံုစိတ်ချ ရသည့် နေရာများကို ပြောင်းရွေ့နေရမှုများကို ပြန်သုံးသပ်လျှင် လုံးမျိုးတုန်းသတ်ဖြတ် မှုဆိုသည်မှာ ဟုတ်နိုင် မဟုတ်နိုင် လူတိုင်း စဉ်းစားကြည့်က သိနိုင်ကြောင်း  သူကပြောသည်။

အကယ်၍ HRW တွင် ခိုင်လုံသည့် အထောက်အထားများရှိလျှင် တင်ပြရန်လိုအပ်ပြီး ယခုကဲ့သို့ လှုံဆော်၊ မီး ရို့၊ ပြဿနာများဖန်တီးနေမှုများကိုလည်း ကမ္ဘာ့ပရိတ်သတ်များအနေဖြင့်လည်း အာရုံစူးစိုက်ရန် လိုအပ် ကြောင်းနှင့် မကြာသေးမီက မောင်တောမြို့နယ် ဒုန့်ချရားတန်းတွင် တပ်ကြပ်တစ်ဦးသတ်ဖြန်ခံရပြီး အလောင်း နှင့်အတူ လက်နက်ပါပျောက်ဆုံးနေမှု၊ ယင်းနေ့တွင်ပင် ပေါက်တောမြို့နယ် အရှေ့ဖရုံကာ ကျွန်းတွင်ဖြစ်ပွားမှု၊ ယင်းမတိုင်မီ စစ်တွေ မှန်စီသုသာန်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများမှာ တရားဥပဒေ စိုးမိုးရေးကို လုပ် ဆောင်နေသူများကို လုပ်ကြံနေမှုမှာ တမင်အကွက်ချ စီစဉ်နေခြင်းဖြစ် ကြောင်းကိုလည်း သုံးသပ်ရန်လိုကြောင်း ဒေါက်တာအေးမာင်က ပြောသည်။

၎င်းအစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်ကောင်း မွန်မူ အချို့ရှိခဲ့သော်လည်း မွတ်ဆလင်များကို အကြမ်းဖက် တိုက်ခိုက်မူတွေရှိနေသည့် အတွက် ထိခိုက်မူများ ဆက်ရှိနေကြောင်း ဖေါ်ပြထားသည်။

Most read this week