ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ် လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အုပ်စုများညီလာခံတွင် သျှမ်းပြည်နယ် အတွင်း နေထိုင်သည့် တိုင်းရင်း သားအချို့ပြည် နယ်သစ် ဖွဲ့စည်းနိုင်မည့် အခြေခံမူများ ထည့်သွင်းပေးရန် တင်ပြမှုရှိခဲ့ ကြောင်းကြား သိရပါသည်။
၂၀၁၄ ဇန်နဝါရီ ၂၃ ရက်က လော်ခီးလာ၌ ဆက်လက်ကျင်းပနေသည့် တိုင်းရင်းသားညီလာခံတွင် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာ၌ နိုင်ငံအမည်၊ ပြည်နယ်အမည် သတ်မှတ်ရေး ကိစ္စအပြင် ဆွေးနွေးပွဲတက်ရောက်သည့် ဝ၊ ပအိုဝ်း၊ ပလောင် နှင့် လားဟူခေါင်း ဆောင်များက အနာဂတ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်သစ်တိုးချဲ့ဖွဲ့စည်းမည့် အခြေခံမူပါဝင်သင့်ကြောင်း တင်ပြကြသည်ဟုဆိုသည်။
“ အဲဒီကိစ္စမဆွေးနွေးသေးဘူး။ ၁၄ ပြည်နယ် ၈ ပြည်နယ်ကိစ္စဖြစ်သွားပြီလေ။ အခုက ညီလာခံက တတိုင်းပြည်လုံးအပစ်ရပ်ကြမယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ အာမခံချက်ရှိရမယ်။ ဒါမပါရင်တော့ မရဘူးလို့အကြမ်းသဘောတူထားတယ်” - ဟု တက်ရောက်သည့် ခေါင်းဆောင် တစ်ဦးကပြောသည်။
လော်ခီးလာညီလာခံအား ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည်ဟု ဆိုသော်လည်း ၂၄ ရက်နေ့ နံနက်အထိ ၄ ရက်ကျော်ကြာဖြစ်သွားမည်ဟုလည်း ဆိုသည်။
“လိုင်ဇာမှာ ဖွဲ့လာခဲ့တဲ့ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေးအသင်း NCCT ကိုလည်း အသစ်ပြန်ဖွဲ့မှာလား၊ လူလဲမလား ဆိုတာဆွေးနွေးမယ်” - ဟု တက်ရောက်သူ အခြား ပုဂ္ဂိုလ်တဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။
KNU ဌာနချုပ် လော်ခီးလာ၌ ကျင်းပသည့် ယခုညီလာခံကဲ့သို့ ၂၀၁၃ အောက်တိုဘာလဆန်း ပိုင်းကလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာ၌ ပထမ အကြိမ်ကျင်းပခဲ့သည်။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ နိုင်ရေးအတွက် ဦးသိန်းစိန်အစိုးရနှင့် ကရင်ပြည်နယ်ဘားအံမြို့၌ တွေ့ဆုံဆွေးနွေး သဘောတူညီမှုရယူရန် ကြိုတင် ပြင်ဆင်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ တွေ့ဆုံပွဲဖြစ်သည်။