နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ ဒေသတွင်း သယ်ယူပို့ဆောင် နိုင်စွမ်း မပြည့်စုံခြင်းတို့ ကြောင့် ဖြစ်ထွန်းနေသည့် ဆိုင်ကယ်ကယ်ရီများကို တရားဝင်ခွင့်ပြုထားခြင်းမရှိသကဲ့သို့ ခရီးသည်များ အတွက် လုံခြံုမှုလည်းမရှိသဖြင့် ရေရှည်တွင် ခွင့်ပြုရန်မသင့်ဟု ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
လက်ရှိအနေအထားတွင် လုပ်ငန်းလိုင်စင်မရှိ၊ ထိန်းကွပ်မှုမရှိဘဲ ပြေးဆွဲနေသည့် ဆိုင်ကယ်တက္ကစီများအား “သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီများမှ စနစ်တကျ ကြီးကြပ်၍ ဆောင်ရွက်စေသင့်ပါတယ်””ဟု ရထားပို့ဆောင် ရေးဒု-၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။
မော်တော်ဆိုင်ကယ်တက္ကစီများအား အနှေးယာဉ်(ဆိုက်ကား)များကဲ့သို့ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး အစိုးရက သတ်မှတ်နေရာများတွင် အလှည့်ကျ ခရီးသည်ပို့ဆောင်ရန် စည်းမျဉ်း၊ စည်းကမ်းများ ထုတ် ပြန်ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်း မဲဆန္ဒနယ်(၆)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင် ရီ၏ မေးမြန်းမှုကို ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။
ဆိုင်ကယ်တက္ကစီများမှာ လက်ရှိတွင် ခရီးသည်ကို အလုအယက်ခေါ်ယူကာ ပြေးဆွဲ ပို့ဆောင်နေကြခြင်းကြောင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ကို ဦးခင်မောင်ရီက မေးခွန်းထုတ်ခဲ့ သည်။
မော်တော်ဆိုင်ကယ်များအား အငှားယာဉ်အဖြစ် တရားဝင်ခွင့်ပြုပေးမည် ဆိုပါက မလိုလားအပ်သော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ပိုမိုဖြစ်လာနိုင်ပြီး ဥပဒေနှင့်မညီသော လုပ်ငန်းကို တရားဝင်ခွင့်ပြု သလိုဖြစ်မည်ဟု ဒု-၀န်ကြီးက လွှတ်တော်တွင် ရှင်းပြသည်။
၁၉၈၉ခုနှစ်က ပြဋ္ဌာန်းခဲ့သော မော်တော်ယာဉ်နည်းဥပဒေ အခန်း(၂) ပုဒ်မ ၁၀(ဇ)တွင်လည်း “မော် တော်ဆိုင်ကယ်ကို ကိုယ်ပိုင်ယာဉ်အဖြစ်သာ အသုံးပြုခွင့်ပြုသဖြင့် အငှားယာဉ်အဖြစ်သို့ မှတ်ပုံတင် ပြောင်းလဲခွင့်မပြု” ဟု ပြဋ္ဌာန်းထားသည်။
ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားရေး ဦးစီးဌာန(ကညန)မှ ရရှိသည့် ယာယီစာရင်းများအရ ၂၀၁၃ ခုနှစ် အတွင်း မော်တော်ဆိုင်ကယ်ကြောင့် သေဆုံးမှုသည် ယာဉ်မတော်ဆမှုဖြင့် သေဆုံးသူ စုစုပေါင်း ၏ ၄၄ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည်ဟု မီးရထား ဒု-၀န်ကြီးက ပြောသည်။
ကညန၏ ယာယီစာရင်းအရ ပြီးခဲ့သည့်နှစ်အတွင်းက နိုင်ငံတစ်ဝန်းတွင် ယာဉ်တိုက်မှုပေါင်း ၁၁,၃၈၃ မှု ရှိကာ သေဆုံးသူ ၂,၉၄၃ ဦးရှိပြီး မော်တော်ဆိုင်ကယ် မတော်မတမှုကြောင့် သေဆုံးသူမှာ ၁,၃၁၀ ဦးထိ ရှိနေသည်။