စစ်ကိုင်းတိုင်းရှိသျှမ်းနီလူဦးရေတစ်သန်းအနက် ၆၀% ကျော် ဗမာလူမျိုးသတ်မှတ်ခံထား

စစ်ကိုင်းတိုင်းရှိသျှမ်းနီလူဦးရေတစ်သန်းအနက် ၆၀% ကျော် ဗမာလူမျိုးသတ်မှတ်ခံထား
by -
သျှမ်းသံတော်ဆင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၌ နေထိုင်သော သျှမ်း( သျှမ်းနီ သို့မဟုတ် တိုင်းလိုင်) လူဦးရေ တစ်သန်းဝန်းကျင် အနက် ၆၀ ရာခိုင်နှုန်းက ဗမာ သို့မဟုတ် သျှမ်း- ဗမာ လူမျိုးဖြစ်နေသည်ဟု သျှမ်းနီအမျိုးသား တိုးတက်ရေး ပါတီ ကပြောပါသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် သျှမ်းနီ (သို့မဟုတ်) တိုင်းလိုင် လူဦးရေ ၁ သန်းထက်မနည်းရှိကြောင်း၊ ၁၀ ရာခိုင်နှုန်းခန့်သာ ဗမာလူမျိုးစစ်စစ်နှင့် အခြားလူမျိုးများဖြစ်ကြောင်း၊ ကျန် ၉၀% မှာ မိဘ ဘိုးဘွားလက် ထက်ကတည်းက   သျှမ်းလူမျိုးစစ်စစ် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ၌ မှတ်ပုံတင်ရှိ လူမျိုးနေရာတွင် ၆၀% မှာ  ဗမာလူမျိုးဟု အတပ်ခံထားကြောင်း၊ ထိုသူများ သျှမ်းလူမျိုးအမည်ပြန်ပေါက်ရေးအတွက် ကြိုးပမ်းနေ ရကြောင်း သျှမ်းနီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး စောထွန်းဝင်းကပြောသည်။

“ကျနော့်အဘိုးအဘွားလဲ သျှမ်းဘဲ၊ ကျနော်လဲ သျှမ်းအစစ်ဘဲ။ လက်ရှိအခြေအနေအရတော့ မှတ်ပုံတင် မှာ သျှမ်းနီ အမည် ပြန်ရဖို့ပေါ့။ စစ်ကိုင်းတိုင်းအထက်ပိုင်းဘဲ သျှမ်းလူဦးရေ ၁၀ သိန်းထက်မနည်း ရှိမယ်။ သျှမ်းလူမျိုး နာမည်ပေါက်နေတာ ၃၀% ပဲရှိတယ်။ ကျန် ၆၀ ရာခိုင်နှုန်းက ဗမာ၊  သျှမ်း -  ဗမာဖြစ်နေကြတယ်” - ဟု စောထွန်းဝင်းက ပြောသည်။

မြန်မာအစိုးရ သတ်မှတ်ထားသည့် သျှမ်းမျိုးနွယ်စုတွင် - သျှမ်း၏ ကုတ်နံပါတ်မှာ ၈၀၁ ဖြစ်ပြီး - ယွန်းသျှမ်း၊ ခမ်းတီးသျှမ်း၊ ဂုံ၊  သျှမ်းကလေး၊ သျှမ်းကြီး၊ တိုင်းလွယ်၊ တိုင်းလျန်၊ တိုင်းလုံ၊ တိုင်းလေနှင့်  မောသျှမ်း တို့လည်း ကိုယ်ပိုင်ကုတ်နံပါတ်များ တပ်ထားပါသည်။

သျှမ်းမျိုးနွယ်စုတိုင်း ကုတ်နံပါတ် ၈၀၁ ကိုသာ ရွေးသင့်သည်ဟု အများက ယူဆသော်လည်း  စောထွန်းဝင်းက သျှမ်းနီတို့ အတွက် ကိုယ်ပိုင်ကုတ်ရှိသင့်ကြောင်း ပြောသည်။

“သျှမ်းဆိုရင် ကုတ်က ၈၀၁ လို့ပါတယ်။ ပြီးတော့ သျှမ်းကြီး ၈၂၂ ၊ သျှမ်းကလေးက ၈၂၁ အဲဒါက ကျနော်တို့ သျှမ်းနီကိုပဲ ဆိုလိုတယ်။ နောက် Tai Len  ကုတ်နံပါတ် ၈၂၈ ဟာကလဲ သျှမ်းနီ ဘဲ ဖြစ်နိုင်တယ်။ သျှမ်းနီ အတွက် သီးသန့် ကုတ်တော့ မရှိဘူး။ ဆိုတော့ သျှမ်းနီတွေအတွက် သီးသန့်မပါတော့ အောက်ဆုံးက other ဆိုတဲ့ ကုတ် ၉၁၄ ကိုပဲရွေးလိုက်ရင် လူမျိုးခြားဖြစ်သွားမှာလား ဆိုတာလဲ စိုးရိမ်ရတယ်” - ဟု ပြောသည်။

သို့သော် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက - အခြား ဆိုတဲ့ ကုတ်နံပါတ် ၉၁၄ ကို ရွေးရင်လဲ တိုင်းရင်းသားဟာ တိုင်းရင်းသား ဘဲ။ ဘာမှ အခွင့်အရေးမဆုံးရှုံးစေရဘူးလို့ပြောတယ် - ဟု စောထွန်းဝင်း က ပြောသည်။

လက်ရှိအစိုးရဖေါ်ပြထားသော သျှမ်းလူမျိုးအောက်တွင် ပအိုဝ်း၊ ပလောင်၊ ၀ ၊ အခါ၊ လားဟူ၊ ကိုးကန့်နှင့်အခြားလူမျိုးစုများ အပါအဝင် လူမျိုး ၃၃ မျိုး ဖေါ်ပြထားသည်။ ၎င်းတို့မှာ - (အစိုးရ ထုတ်ပြန်ထားသည့် အင်္ဂလိပ်ဘာသာအတိုင်း) – Shan – 801 , ထိုအောက်တွင် Yun(lao) 802, Kwi 803, Pyin 804, Yao 805, Danaw 806, Pale 807, En 808 , Son 809, Khamu 810, Kaw(Akha –E-Kaw)811, Ko Kang 812, Khamti Shan 813, Hkun 814, Taung Yo 815, Danu 816, Palaung 817, Manzi 818, Yin Kha 819 , Yin Net 820, Shan Gale 821, Shan Gyi 822, Lahu 823, Intha 824, Eikswair 825, Pa-O 826, Tai – Loi 827, Tai – Len 828, Tailon 829, Tai Lay 830, Maingtha 831, Maw Shan 832, Wa 833  တို့ဖြစ်သည်။