ကချင်ပါတီသစ် မှတ်ပုံတင်ခွင့်ရ၊ ကချင်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမည်

ကချင်ပါတီသစ် မှတ်ပုံတင်ခွင့်ရ၊ ကချင်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမည်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဦးဂွမ်ကရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ကို ဇန်နဝါရီလ ၁၃ ရက် နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ဖွဲ့စည်းခွင့်ရပြီး နောက်တွင် ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသား ပါတီများ တစ်ခုထဲဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီက ပြောကြားလိုက်သည်။

ကချင်ဒီမိုကရက်တစ်ပါတီအား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ကချင်ဒီမိုကရက်တစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၇၂) ဖြစ်ပြီး ရန်ကုန်စမ်းချောင်းမြို့နယ် မြဝတီလမ်း မြေနီကုန်း (မြောက်)ရပ်ကွက်တွင် ရုံးချုပ်ဖွင့်လှစ်ထားသည်။

ကချင်ပြည်သူလူထု၏ လိုလားချက်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်ပါတီများအားလုံး ပေါင်းစည်းရေး အတွက် (KNCD)၊ (KSDP)၊ (LNDP) ပါတီများနှင့် အတူ ညှိနှိုင်း ဆွေးနွေးသွားမည်ဟု KDP ပါတီ ခေါင်းဆောင် ဦးဂွမ်ကရောင်အောင်ခမ်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်ပါတီများ တပေါင်းတည်း ဖြစ်ရေးအတွက် ဖားကန့်ရှိ ဒေသခံများကလည်း စာဖြင့် တောင်းဆိုထား ကြောင်း KDP ပါတီက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း ပါတီတည်ထောင်ခွင့်ပြုထားသည့် ကချင်ပါတီများမှာ ကချင်ပြည်နယ် ဒီမိုကရက် တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ပါတီ၊ ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက် ပါတီ (KNCD) နှင့် လီဆူးအမျိုးသားဖွံ့ဖြိုးရေး ပါတီ (LNDP) တို့ဖြစ်သည်။

ယခုချိန်တွင် ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) တွင် ပါတီဝင် ၅၀၀ ရှိထားပြီး အဓိက ဆုံးဖြတ်ချက်များကို မြစ်ကြီးနားရုံးမှ ချမှတ်ပြီး ရုံးခွဲများကို ကချင်ပြည်နယ်အတွင်း အခြားမြို့နယ်များတွင် တိုးချဲ့ သွားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

Most read this week