မောင်တောမြို့နယ်မှ တိုင်းရင်းသားအချို့ ရပ်ရွာများစွန့်ခွာ

မောင်တောမြို့နယ်မှ တိုင်းရင်းသားအချို့ ရပ်ရွာများစွန့်ခွာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လတ်တလော ပေါ်ပေါက်နေသော အခြေအနေများကြောင့် လုံခြံုရေး စိုးရိမ်ရ၍ ဒေသခံ တိုင်းရင်းသားရွာသားအချို့ ရပ်ရွာများကို စွန့်ခွာပြီး မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နေကြရသည်ဟု သိရသည်။

ထိုသို့ ပြောင်းရွှေ့နေထိုင်ရသည့် ကျေးရွာသားများမှာ ခရေမြိုင်နတလကျေးရွာ၊ ကင်းချောင်းကျေးရွာနှင့် ၎င်းကျေးရွာ အနီးတဝိုက်ကျေးရွာများမှ ရွာသားများ ဖြစ်ကြသည်ဟု ခရေမြိုင်ကျေးရွာသား ဦးလှရွှေက ပြောသည်။

narinjaraphoto1

ဦးလှရွှေက “ အခုက ကျွန်တော်တို့ရွာဘက်မှာ ညညကျရင် အနီးအနား မူဆလင်ရွာသားတွေက သံပုံးတီးတာတို့၊ သူတိုု့ ဘာသာ စကားနဲ့ အမျိုးမျိုး ဟစ်ကြွေးနေတာတွေရှိနေတဲ့ အတွက် လုံခြံုရေး စိုးရိမ်ရတာကြောင့် ခုလို အမျိုးသမီးတွေ၊ ခလေးတွေကို ရပ်ရွာတွေမှာ မထားတော့ဘဲ မောင်တောမြို့ပေါ်ကို ပြောင်းရွှေ့ထားရပါတယ်” ဟု ဆိုသည်။

၎င်းအပြင် တိုင်းရင်းသားကျေးရွာများတွင် လုံခြံုရေး အထူးစိုးရိမ်နေရပြီး နေ့ညမပြတ် ကင်းစောင့်နေကြရ သည်ဟု သူက ဆက်ပြောသည်။

သူက“ ကျွန်တော်တို့ ရွာအနီးတဝိုက်မှာရှိတဲ့ ဘင်္ဂလီရွာတွေကို စိုးရိမ်ရတဲ့ အတွက် ညဉ့်အချိန်ရောက်ရင် ရွာသားတွေ ညမအိပ်ဘဲ ကင်းစောင့်ရတယ်။ ရဲအချို့ လုံခြံုရေး ရှိပေမယ့် တစ်ရွာနဲ့ တစ်ရွာ လက်လှမ်းမမှီတဲ့ အတွက် ရွာသားတွေ အများစုကတော့ စစ်တပ်အပါအဝင် စုပေါင်း တပ်ဖွဲ့တွေကို လိုလားနေကြပါတယ်။ ဘင်္ဂလီတွေက ရဲတွေကို မကြောက်တဲဲ့ အတွက် သူတို့ကြောက်တဲ့ စစ်တပ်တွေကို ချထားပေးဖို့ လိုပါတယ်။”ဟု ပြောသည်။

ယခုကဲ့သိုု့ ပြောင်းရွှေ့နေထိုင်နေသူ အရေအတွက်မှာ ၂၀၀ ခန့်ရှိပြီး မောင်တောမြို့ ဗဟိုကျောင်းနှင့် နီးစပ်ရာ နေရာများတွင် နေထိုင်နေကြရသည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူ အချို့ရှိသော်လည်း အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဖြစ်ကြောင်း မောင်တောဒေသခံ ကိုကျော်ဝင်းက ပြောသည်။

“ ပြောင်းရွှေ့လာသူတွေကတော့ အခု ပြဿနာပေါ်နေတဲ့ မောင်တောမြို့နယ် တောင်ပိုင်းက ဖြစ်ပါတယ်။ အများစုကတော့ သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပါ။ အဲဒီရွာတွေမှာက လုံခြံုရေးရှိပေမယ့် အားနည်းနေတဲ့ အနေအထားမျိုးရှိတဲ့ အတွက် ခုလို ကြောက်ရွ့ံပြီး မြို့ပေါ်ကို ပြောင်းလာကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လွန်ခဲ့သော ဇန်နဝါရီလ ၁၃ ရက်နေ့ က မောင်တောမြို့နယ် တောင်ပိုင်း ရခိုင်ကင်းချောင်းကျေးရွာ အနီးရှိ ဒုချရားတန်းကျေးရွာတွင် ညဉ့်အချိန် လုံခြံုရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့တစ်ခုအား မူဆလင် ရွာသားများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး တစ်ဦးသေနတ်နှင့် အတူ ပျောက်ဆုံးနေသည်။ ၎င်းနောက်ပိုင်း ယင်းဒေသတွင် အခြေအနေ တင်းမာနေသည်ဟု ဆိုသည်။

ယင်းအပြင် ၎င်းဒေသတွင် ရခိုင်လူမျိုးများမှ မူဆလင် ကျေးရွာသား တစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ ရခိုင်လူမျိုးများတိုက်ခိုက်၍ မူဆလင်အမျိုးသမီးများနှင့် ကလေးငယ်များ ၆၀ ခန့် သေဆုံးကြောင်း အေပီအပါအဝင် သတင်းဌာနအချို့မှ သတင်းအမှားများ ထုတ်လွှင့်နေကြသဖြင့် ဒေသခံ တိုင်းရင်းသားများမှာ အထူးစိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ဟု ကိုကျော်ဝင်းက ပြောဆိုသည်။

Most read this week