လွှတ်တော်ဆိုင်ရာဥပဒေကြမ်းပြင်ဆင်ရာတွင် သမ္မတသဘောမတူသည့် အချက် ၁၄ ချက်ရှိ

လွှတ်တော်ဆိုင်ရာဥပဒေကြမ်းပြင်ဆင်ရာတွင် သမ္မတသဘောမတူသည့် အချက် ၁၄ ချက်ရှိ
by -
မဇ္ဈိမ

ဥပဒေပြုအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးအဖွဲ့တို့အကြား သဘောကွဲလွဲမှုများ ပုံမှန်ရှိခဲ့ရာမှ ယခုပြည်ထောင် စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နှင့် သမ္မတတို့အကြား သဘောထားကွဲလွဲမှုမှာ အချက်ပေါင်း ၁၄ ချက် အထိရှိလာခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါ ဥပဒေကြမ်းတွင်ပါရှိသည့် ပုဒ်မပေါင်း ၁၄ ခုမှာ ပြဋ္ဌာန်းရန်မသင့်ဟု သမ္မတသဘောထားမှတ် ချက်ပြန်လည်ပေးပို့ခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ကိစ္စနှင့်ဆိုင်သော ပုဒ်မ ၁၂ နှင့် သမ္မတ၏သဝဏ်လွှာများနှင့် ဆိုင်သော ပုဒ်မ ၁၃ တို့ကိုသာ သဘောတူခဲ့ပြီး ကျန် ၁၄ ချက်တို့တွင် သဘောကွဲ လွဲကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂(ဆ)ဖြစ်သည့် လွှတ်တော်ရုံးဖွင့်ခြင်းအားမပြဋ္ဌာန်း သင့်၊ ပုဒ်မ ၁၉ ပါ လွှတ်တော်ရုံးအတွက် ၀န်ထမ်းများခန့်အပ်ခြင်း၊ ဘဏ္ဍာရေးကိစ္စများ ဆောင်ရွက်ခြင်းတို့ သည် ဥပဒေနှင့်မညီသဖြင့် မပြဋ္ဌာန်းသင့်စသည့် သမ္မတ၏ သဘောထားမှတ်ချက်တို့သည် ပြည်ထောင်စု လွှတ်တော်၏လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အဟန့်အတားဖြစ်နေကြောင်း ပြည်ထောင် စုလွှတ်တော်က အတည်ပြုထားသည့်အတိုင်းသာ ပြဋ္ဌာန်းသင့်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အလားတူပင် ၎င်းဥပဒေကြမ်း ပုဒ်မ (၆)ဖြစ်သော “နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းဟူ၍ ပြည်ထောင်စုလွှတ်တော်က အတည် ပြုထားသည်ကို ပြဋ္ဌာန်းခွင့်မပြုသင့်ကြောင်း၊ ခွင့်ပြုမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းတို့၏ လုပ်ငန်းများကိုစွက်ဖက်ရာ ရောက်သွား နိုင်ကြောင်းဟူ ၍ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးကျင်းပစဉ်၌သာ သတ်မှတ်ထားခြင်းဖြစ်ကြောင်းဟူ၍ လည်းကောင်း သမ္မတက သဘောထားမှတ် ချက်နှင့်တကွ မပြဋ္ဌာန်းသင့်ဟု အကြောင်းပြန်လာခဲ့သည်။ ထိုအချက်ကိုလည်း ပြည်ထောင်စုလွှတ်တော် က မူလအတည်ပြုထားသည့်အတိုင်း ပြဋ္ဌာန်းသင့်သည်ဟု ဥပဒေကြမ်းပူးပေါင်း ကော်မတီက အစီရင်ခံ ခဲ့သည်။

ညွှန်ကြားရေးမှူးတစ်ဦးက ဦးဆောင်လျက် သီးခြားဖွင့်လှစ်မည့် ပြည်ထောင်စု လွှတ်တော်ရုံးသည် ပြည် ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ ရုံးလုပ်ငန်းနှင့် အုပ်ချုပ်မှုကိစ္စ များ ဆောင်ရွက်ရန်ဖြစ်ကြောင်း ၎င်းဥပဒေကြမ်း ပုဒ်မ ၂ အပိုဒ်ခွဲ(ဆ)တွင် ဖော်ပြထားသည်။

ထိုအချက်အပေါ် သမ္မတက “ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ် နာယကအဖြစ် ဆောင် ရွက်သော လွှတ်တော်မှ ၀န်ထမ်းများဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်နိုင်သောကြောင့် ပြည်ထောင်စုလွှတ် တော်ရုံးဟူ၍ သီးခြားဖွင့်လှစ်ရန် မလိုကြောင်း”ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကမူ “လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လွှတ်တော်များ၏ ဖွဲ့စည်းပုံအတိုင်း ရေးဆွဲထားခြင်းဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရုံးများ သီးခြားစီရှိသည့်နည်းတူ ပြည်ထောင်စုလွှတ်တော်သည်လည်း သီးခြားရုံး ထားရှိရန် လိုအပ်သဖြင့် ပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ (၆)ပါ နိုင်ငံနှင့် မဲဆန်္ဒနယ် ဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တို့က ဒေသအာဏာပိုင်တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်းဆိုသည့် ပြဋ္ဌာန်းချက်ကို သမ္မတက ကန့်ကွက်ထားသော်လည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက “မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်ရန် ကူညီဆောင်ရွက်ခြင်းဖြစ်ပြီးဝင်ရောက်စွက်ဖက်ခြင်း မဟုတ်သောကြောင့်” မူလအတိုင်း အတည်ပြုသင့်ကြောင်း တင်ပြထားသည်။

အချက် ၁၆ ချက်အနက် သမ္မတက သဘောမတူသည့် ၁၄ ချက်တို့နှင့် ပတ်သက်ပြီး ပူးပေါင်းကော်မတီ သည် ခိုင်လုံသော အကြောင်းပြချက်များဖော်ပြ၍ မူလအတိုင်းပြဋ္ဌာန်းရန် အစီရင်ခံတင်ပြထားကြောင်း တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်က သမ္မတ လက်မှတ်ထိုးနိုင်ရန် ပေးပို့ခဲ့သည့် ဥပဒေကြမ်းများ အနက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် သမ္မတနှင့်လွှတ် တော်အကြား သဘောထားကွဲလွဲမှု အများဆုံးဖြစ်သည်ဟုဆိုသည်။