ထိုင်းနိုင်ငံအရေး မငြိမ်သက်မှုကြောင့် ထိုင်းနိုင်ငံတွင် သွားရောက်ဆေးကုမှု ခံယူမည့် မြန်မာများအတွက် အကျိုးသက်ရောက်မှုများ ရှိနေကြောင်း အမေရိကန်အခြေစိုက် ဗီအိုအေ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
ဘန်ကောက်တွင် အဆင့်မြင့်ဆေးဝါး ကုသမှုခံယူရန် သွားရောက်ခဲ့သော မြန်မာအချို့ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြပြီး ဆေးဝါးကုသမှု ခံယူရန် စီစဉ်ထားသော ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ ယခုတစ်ပတ်အတွင်း ပြန်လည်ရောက်ရှိလာသော နာမကျန်းဖြစ်သူ လူနာ၏ သမီးဖြစ်သူ မသန္တာက ဘန်ကောက်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အဓိကရုဏ်းကြောင့် ၎င်းတို့ မိသားစု ဘန်ကောက်မှ ပြန်လာရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။
“ဘန်ကောက်မြို့လယ်က ဘမ်မရွန်ဂရက် ဆေးရုံတွင် မြန်မာလူအများကြီးရှိတယ်။ လျှပ်စစ်မီးနဲ့ ရေပြတ် တောက်မယ်ဆိုတဲ့ ကောလဟလကြောင့် အများစု မြန်မာနိုင်ငံကို ပြန်ဖို့လုပ်နေတယ်။ အခုဆန္ဒပြနေတာ တွေကိုလည်း စိုးရိမ်စိတ်ဖြစ်တယ်။ ကျွန်မအဖေက နောက်နှစ်ပတ်မှာ ဆေးကုဖို့ ချိန်းထားတယ်။ ဒါပေမယ့် ဒီကိုပြန်လာနိုင်ဖို့ မသေချာဘူး”ဟု မသီတာက ပြောသည်။
ချမ်းသာသော အသိုင်းအဝိုင်း သို့မဟုတ် လူလတ်တန်းစား မြန်မာများသည် ဘန်ကောက်မြို့သို့ လေကြောင်း ဖြင့် သွားရောက်ပြီး ဆေးဝါးကုသမှု ခံယူလေ့ရှိကြသည်။ လက်ရှိတွင် ရန်ကုန်-ဘန်ကောက် ခရီးစဉ်တွင် ခရီးသည်အလွန် နည်းနေသည်။
မြန်မာနိုင်ငံ၏ အဓိက လေကြောင်းလိုင်းဖြစ်သည့် MAI၏ အရောင်းမန်နေဂျာ ဒေါ်အေးမရသာ က လွန်ခဲ့ သော ရက်အနည်းငယ်အတွင်း ဘန်ကောက်အသွား လက်မှတ်များ သိသိသာသာ အရောက်ကျခဲ့ကြောင်း ပြောသည်။
“နေ့စဉ် မနက်တစ်ကြိမ် ညနေတစ်ကြိမ် နှစ်ကြိမ်ပျံသန်းပါတယ်။ လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာ မရှိပေမယ့် အရင်ကထက် ခရီးသည် ပိုနည်းပါတယ်။ ထိုင်းနိုင်ငံရေး အခြေအနေ မဖြစ်ခင်က ခရီးစဉ်တစ်ခုမှာ ခရီးသည် ၉ဝ ထက် ပိုပါတယ်။ အခုတော့ ခရီးစဉ်တစ်ခုမှာ ခရီးသည် ၅ဝ လောက်ပဲ ပါတယ်”ဟု ဒေါ်အေးမရသာ က ပြောသည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ရင်လပ်အစိုးရကို ဖယ်ရှားနိုင်ရေးအတွက် ကြိုးပမ်းမှု အဖြစ် ဘန်ကောက်မြို့ရှိ အဓိက လမ်းဆုံလမ်းခွများကို ပိတ်ဆို့ထားသည်။