နိုင်ငံရေးပါတီ ၁၁ ခု ပူးပေါင်း၍ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA)ကို ဖွဲ့စည်းလိုက်သည်ဟု ဇန်နဝါရီ ရ ရက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးချုပ်၌ ပြုလုပ်သည့် အစည်းအဝေး တွင် ကြေညာလိုက်သည်။
အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “ဒီအဖွဲ့က တိုင်းရင်းသားပါတီတွေလည်း ပါတယ်။ ပါတီအချင်းချင်း ချိတ်ဆက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တစ်ပါ တီနဲ့ တစ်ပါတီ လက်တွဲ ဖြတ်သန်းမှာပါ”ဟု ပြောသည်။
ယခင်က ကိုးပါတီသာရှိခဲ့ရာမှ ယနေ့အစည်းအဝေးတွင် ကရင်ဒီမိုကရေစီပါတီနှင့် မြန်မာ့လူ့ဘောင်သစ် ပါတီတို့ပါ ပူးပေါင်းလိုက်၍ မဟာမိတ် ၁၁ ပါတီဖြစ်သွားခြင်းဖြစ်သည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
ယနေ့အစည်းအဝေးတွင် ပါတီ ၁၁ ခု ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုအပ်သလို ပြင်ဆင်ရေးအပါအဝင် အချက်ငါးချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ အမည်ဖြင့် ဖွဲ့စည်းရန်အတည်ပြုခဲ့သော ပါတီ ၁၁ ခုတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရေစီပါတီ၊ မြန်မာ့လူ့ဘောင်သစ်ပါတီတို့ ဖြစ်သည်။