အိန္ဒိယကုမ္ပဏီငွေလက်ကျန်ကိစ္စ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းမှဖြေရှင်းမည်

အိန္ဒိယကုမ္ပဏီငွေလက်ကျန်ကိစ္စ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းမှဖြေရှင်းမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လုပ်ကိုင်နေသော အိန္ဒိယ ကုမ္ပဏီ Punj Lloyd Co.Ltd မှ  တိုင်းရင်းသား လုပ်ငန်းရှင်များသို့ ပေးချေရန် ရှိနေသော ငွေလက်ကျန်များ ရရှိရေးကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကူညီ ဖြေရှင်းပေးမည်ဟု သိရသည်။

ထိုသို့ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကူညီ ဖြေရှင်းပေးမည် ဖြစ်ကြောင်းကို  ကျောက်ဖြူမြို့ နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး၏ ဇန်နဝါရီလ ၆ ရက်နေ့ နေ့စွဲြ့ဖင့် ထုတ်ပြန်သော စာတွင် ဖေါ်ပြထားသည်။

အိန္ဒိယ ကုမ္ပဏီ Punj Lloyd Co.Ltd သည် သူတို့နှင့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းသား လုပ်ငန်းရှင်များအား ကုဋေနှင့်ချီပြီရှိသည့် ငွေကြေးများကို ပေးချေရန် ကျန်နေသေးသည်ဟု သိရသည်။

အိန္ဒိယ Punj Lloyd Co.Ltd သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တရုတ်သို့ သွယ်တန်းသော ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ တည်ဆောက်နေပြီး ဆောက် လုပ်ရေး လုပ်ငန်းများ အပါအဝင် ကျောက်၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ သောက်သုံးရေ၊ အစားအစာများနှင့် တခြား လိုအပ်သော ပစ္စည်းများကို တိုင်းရင်းသား လုပ်ငန်းရှင်နှင့် ကန်ထရိုက်စနစ်ဖြင့် ပေးသွင်း လုပ်ကိုင်စေသည်ဟု ဆိုသည်။

သို့သော်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များသို့ ပေးချေရမည့်ငွေများကိုမူ တစ်ကြိမ် တစ်ခါမျှ ပြည့်ပြည့်ဝဝ ပေးချေခြင်း မရှိကြောင်း၊ သို့အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် အိန္ဒိယ ကုမ္ပဏီ Punj Lloyd Co.Ltd ထံမှ ငွေကုဋေနှင့်ချီပြီး ရရန်ကျန်ရှိနေကြောင်း ကန်ထရိုက် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

၎င်းတို့ရရှိရန်ကျန်နေသော ငွေကြေးများအား Punj Lloyd Co.Ltd ကုမ္ပဏီထံမှ ပြန်လည် ရရှိရေး အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များမှ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့် တာဝန်ရှိသူများနှင့် နိုင်ငံ တော်အစိုးရထိ တက်ရောက် တိုင်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းနောက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာထုတ်ပြီး ၎င်း Punj Lloyd Co.Ltd ကုမ္ပဏီမှ ငွေပေးချေရန် ကျန်ရှိနေသော ငွေလက်ကျန်များကို ရရှိနိုင်ရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ကူညီရှင်းလင်း ဆောင်ရွက်လျှက် ရှိကြောင်း၊ အိန္ဒိယပိုင် ကုမ္ပဏီ Punj Lloyd Co.Ltd မှ ငွေကြေးရရန် ရှိသူ တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် ယခုလ ရ ရက်နေ့ကို နောက်ဆုံး ထားပြီး ငွေလက်ကျန်စာရင်းကို ပြုစုပြီး ပို့ပေးရန်လိုကြောင်း ယခုလ ၆ ရက်နေ့က စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

Most read this week