ကယန်းစာပေကို အစိုးရကျောင်းများတွင်တရားဝင် သင်ကြားခွင့်ပြုထားပြီးဖြစ်သော်လည်း သင်ကြားမည့် ဆရာ၊ဆရာမ အခက်ခဲ ရှိနေသေးကြောင်း ကယန်း စာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။
“ကယန်းတိုင်းရင်းသား ၃၀ ဦးရှိတဲ့ ကျောင်းတိုင်းကို ဆရာတယောက်နှုန်းနဲ့ သင်ကြားဖို့ တရားဝင်စာထုတ် ခဲ့တယ်။ ကျောင်းကဆရာ၊ ဆရာမတွေက မသင်နိုင်သေးတော့ ပြင်ပက ကယန်းစာတတ်ပြီးသား လုပ်အားပေး ဆရာတွေကို ခေါ်ပြီးသင်နေရတယ်” ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဦးပေါလုချန်းကပြောသည်။
လုပ်အားပေး ဆရာ၊ ဆရာမကို လစာ ကျပ်သုံးသောင်းနှုန်း ပေးရန် ပြည်နယ်အစိုးရသို့ တင်ပြထားကြောင်း ၎င်းက ဆိုသည်။
ကယန်းစာပေကို တရားဝင်သင်ကြားခွင့် မရခင်ကတည်းက ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီမှ နည်းပြများကို သင်တန်းပေးကာ ကယန်းဒေသများတွင် သင်ကြားစေခဲ့ပြီး ဖယ်ခုံမြိုု့နယ်တွင် ဆရာ ၃၀၀ ဦး ၊ဒီမော့ဆို မြို့နယ်တွင် ၁၀၀ဦး၊ လွိုင်ကော်မြို့နယ်တွင် ၆၅ ဦး သင်တန်း ပေးထား ပြီး၊ ထို နည်းပြများဖြင့် လုပ်အားပေး သင်ကြားစေခြင်း ဖြစ်ကြောင်း သိရသည်။
“အရင်အစိုးရတုန်းက မကန့်ကွက်ဘူး။ ကျောင်းမှာ လည်းသင်ခွင့်မပြုတဲ့ အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သင်ရတယ်။ ခုက တရားဝင် သင်ခွင့်ပြုတဲ့အပြင် ကျောင်းမှာပါသင်ရမယ်။ စာသင်ကျောင်းမှာ ကျောင်းချိန်ပြင်ပသင်နိုင်တယ်” ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးနန်းရီက ဆိုသည်။
ကယန်းစာပေကို ကယန်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ပညာရှင်များက ၂၀၀၀ ခုနှစ်က အတည်ပြု ခဲ့ပြီး ကျောင်းများတွင် တရားဝင်သင်ကြားနိုင်ရန် ၂၀၁၂ ဇွန်လတွင် ပြည်ထောင်စုလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီသို့ တင်ပြခဲ့ကာ ၂၀၁၃ အောက်တိုဘာလတွင် အစိုးရက စာသင်ကျောင်းများတွင် တရားဝင်သင် ကြား ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကယန်းစာပေကို ပထမတန်း ၊ဒုတိယတန်း ၊တတိယတန်း သုံးခုကိုသင်ကြားနိုင်ရန် ပုံနှိပ်စာအုပ် နှစ်သောင်းခန့် ပုံနှိပ်ပေးထားကာ ယခုလက်ရှိ ကယားပြည်နယ်ရှိ ကျောင်းများတွင် အုပ်ရေ တစ်သောင်းဖြင့် စတင်သင်ကြားသွားမည် ဖြစ်သည်။
တိကျသည့် ကယန်းစာပေ တခုဖြစ်ပေါ်လာရန်၂၀၀၀ ခုနှစ်ဧပြီလတွင် ကယန်းတိုင်ရင်းသား ခေါင်းဆောင်များ စုစည်းပြီး မူလအသုံးပြုနေသည့် ကြက်ယက်စာ၊ မြန်မာစာကို အခြေခံသည့်စာ ၊ကတ်သလစ် ဘုန်ကြီး တီထွင်ထားသည့် အင်္ဂလိပ်ရောမ ဂဏန်းငါးလုံးကို အခြေခံသည့် စာများကို ရွေးချယ်ခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ် ဧပြီ ၁၀ ရက်နေ့တွင် အင်္ဂလိပ်စာကို အခြေခံသည့် စာပေကို ကယန်းစာပေအဖြစ် အတည်ပြု၍ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကိုပါ ဖွဲ့စည်းခဲ့ပြီး ထိုုနေ့ကိုုလည်း ကယန်း အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။