ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့ ဘင်္ဂလာဒေချ့် သတင်းစာတွင်ရေးသား ဖော်ပြ

ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့ ဘင်္ဂလာဒေချ့် သတင်းစာတွင်ရေးသား ဖော်ပြ
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်  ကျရောက် သည့် ၂၂၉ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာကျဆုံး နေ့အကြောင်း သတင်းကို ဘင်္ဂလီဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာ တစ်စောင်တွင် ဇန်နဝါရီ ၁ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

၎င်းသတင်းစာမှာ ကော့စ်ဘာဇား (ခေါ်) ဖလောင်းချိတ်မြို့တွင် ဘင်္ဂလီဘာသာဖြင့် နေ့စဉ် ထုတ်ဝေနေသည့် Samudragarta သတင်းစာဖြစ်ပြီး ၎င်းသတင်းအား မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

စာရေးသူ ဦးကျော်သိန်းအောင်က နှစ်ပေါင်း ၅၀၀၀ ကျော် ရခိုင်ပြည်တည်တံ့ခဲ့ပုံနှင့် ၁၇၈၄ ခုနှစ်တွင် ရခိုင် ဘုရင့်နိုင်ငံတော် မြောက်ဦးမြို့ကို ဗမာဘုရင် ဘိုးတော်ဦးဝိုင်းမှ ၀င်ရောက် ကျူးကျော် သိမ်းပိုက်သည့် အတွက် ရခိုင် ဘုရင်နိုင်ငံတော်ကျဆုံးခဲ့ရသည်ဟု သတင်းတွင် ရေးသား ဖေါ်ပြထားသည်။

၁၇၈၄ ခုနှစ် ဒီဖင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးပြီးနောက် ကျူးကျော်လာသူ ဗမာဘုရင် စစ်တပ်၏ နှိပ််စက် သတ်ဖြတ်မှုကြောင့် ရခိုင်ပြည်မှ ရခိုင်အမျိုးသား သိန်းနှင့် ချီကာ ယင်း အချိန်က အင်္ဂလိပ်တို့ အုပ်စိုးလျှက်ရှိသော ဘင်္ဂလာနယ်မြေသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ယခုလူသိ များသော ကော့စ်ဘာဇားမြို့ကို တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။

ယင်းအချိန်က အဆိုပါ နယ်မြေအား တာဝန်ကျ အုပ်ချုပ်သူမှာ အင်္ဂလိပ် စစ်ဗိုလ်မှာ ကပ္ပတိန် ကော့စ် ဖြစ်ပြီး ၎င်းမြို့အား သူက တည်ထောင်ခဲ့သဖြင့် သူ့အမည်အား အစွဲပြုကာ ကော့စ်ဘဇားဟု အများက ခေါ်တွင်ခဲ့ သည်ဟု သိရသည်။

ရခိုင်တို့က အင်္ဂလိပ် လူမျိုးတို့အား ဖလောင်းဟု ခေါ်သဖြင့် အင်္ဂလိပ် စစ်ဗိုလ် တည်ခဲ့သော ကော့စ်ဘဇား မြို့ကို  ဖလောင်းစျေးဟု ခေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဖလောင်းချိတ်တွင်လာခဲ့သည်ဟု ဆိုသည်။ ရခိုင်ဘုရင် လက်ထက်ကမူ ဖလောင်းချိတ်ကို အောင်ချမ်းသာမြို့ဟုလည်း ခေါ်တွင်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည် မြောက်ဦးမြို့တော်ကို သိမ်းပိုက်ပြီး နောက်ထပ် ရခိုင်မင်းညီမင်းသားတစ်ပါးပါးအား နန်းတင် မြှောက်ရန် အမရပူရရှိ  ဗမာဘုရင် ဘိုးတော်ဦးဝိုင်းအား စစ်ပန်ခဲ့သူ ရခိုင် မြို့သူကြီး ငသံတွေမှာလည်း နောက်ပိုင်းတွင် ဗမာဘုရင်နှင့် ဆက်ဆံရေး ပျက်ပြားပြီး ဘင်္ဂလာနယ်ကို ထွက်ပြေးခိုလုံကာ ကော့စ်ဘဇား ခရိုင်အတွင်းရှိ ဟာရ်ဘင်း ကျေးရွာကို တည်ထောင်ကာ ယင်းတွင် ခိုလုံနေထိုင်၍ ဘဝနိဂုံးချုပ်ခဲ့ရသည်ဟု သတင်းစာတွင်  ဖော်ပြထားသည်။

ဆောင်းပါးနောက်ဆုံးတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခဲ့ရသော နေ့ဖြစ်သဖြင့် ရခိုင်လူမျိုးများ အတွက် အရေးကြီးသော သမိုင်းဝင်နေ့ရက် တစ်ရက် ဖြစ်၍ ရခိုင်အမျိုးသားများ၏ ရင်ထဲတွင်မည်သည့်အခါမှ မေ့ပျောက်နိုင်မည် မဟုတ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။

Most read this week