ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ အစိုးရတပ်အရာရှိ ၂ ဦးကျဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ အစိုးရတပ်အရာရှိ ၂ ဦးကျဆုံး
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းဂိုးမြို့နယ်အတွင်း ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီချိန်ထိ အစိုးရ တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ရာ အစိုးရတပ်မှ ဗိုလ်ကြီး ၂ ဦး ကျဆုံးကြောင်း KIA ကပြောသည်။

စစ်အင်အား ၁၀၀ ကျော်ဖြင့် လှုပ်ရှားလာသော အစိုးရတပ်မ ၉၉၊ ခလရ ခြေလျင်တပ်ရင်း ၂၄၂၊ ခမရ ခြေမြန် တပ်ရင်း ၅၆၇ တပ်ပေါင်းစုနှင့် KIA တပ်ရင်း ၃၈ ကြား ဒီဇင်ဘာလ ၃၁ ရက်နေ့က ပန်ခေါန် (Pang Hkawn) ရွာနှင့် ထိန်ရားခက် (Htingra Hkyet) ရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်မှ ဗိုလ်ကြီး သစ်နိုင်၊ ဗိုလ်ကြီး မင်းထက်ထူးနှင့် တပ်သား သက်နိုင် တို့ ကျဆုံးပြီး ဒဏ်ရာ ရသူ ၆ ဦးကိုလည်း မုန်းဂိုးဘက်သို့ သယ်သွားကြောင်း KIA တပ်မဟာ (၄) အရာရှိ တဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၃၈ နေရာယူထားသော နေရာသို့ စစ်အင်အားများဖြင့် လှုပ်ရှား ပစ်ခတ်လာခြင်းကြောင့် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းအရာရှိများပြော သည်။

၎င်းအစိုးရစစ်ကြောင်းသည် ထိုနေ့ညနေ မုန်းဂိုးဘက်သို့ နောက်ဆုတ်သွားသော်လည်း တိုက်ပွဲများထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း KIA ဘက်မှပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်ဖွဲ့များသည် ဒေသခံရွာသား ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးနှိပ်စက် ခေါ်ဆောင်သွားကာ ယခုချိန်ထိ လွတ်ပေးခြင်းမရှိသေးကြောင်း KIA က ပြောသည်။

ဆက်ပြီး KIA တပ်ရင်း ၃၆ ဒေသ နမ်ခရီမ် (Nam Hkarim) နှင့် နောင်ခမ်းကြား ဒီဇင်ဘာလ ၃၁ နေ့ အင်္ဂါနေ့ နံနက် ၉ နာရီကျော်ချိန် အစိုးရတပ်နှင့် KIA တပ်ရင်း ၃၆ ကြား မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် တောင်ပိုင်းမန်စီမြို့နယ်အတွင်း အစိုးရတပ်စခန်းများ ရုတ်သိမ်းသွားသော်လည် ရှမ်းပြည် မြောက် KIA နယ်မြေများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အရာရှိများက ပြောသည်။

Most read this week