ကရင်လူငယ်ပန်းချီဆရာများ၏ စုပေါင်းပန်းချီပြပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့၌ လာမည့် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်နေသူများက ပြောသည်။
ကရင်လူငယ်ပန်းချီဆရာ ၂၀ ကျော်၏ ပန်းချီကားများ ပါ၀င်မည့် ၎င်းပြပွဲကို ကျင်းပနိုင်ရန် ပန်းချီကားများ လိုက်လံစုစည်းကာ ကျင်းပမည့်နေရာကိုလည်း စီစဉ်နေပြီဖြစ်ကြောင်း ပန်းချီဆရာစောမိုးဇက်က ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့တွေ စုပေါင်းပြီး ပန်းချီပြပွဲကို ရန်ကုန်မှာသုံးကြိမ်လုပ်ပြီးပြီ။ ဒီတခါတော့ နယ်ကလူတွေ ကြည့်လို့ ရအောင်ရယ်၊ ကိုယ့် လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ဖော်ပြချင်တာရယ်၊ ကရင်ပြည်နယ်ရဲ ့အလှအပ ရှုခင်းတွေကို ဖော်ထုတ်ချင်တာရယ်နဲ့ ကရင်လူငယ်ပန်းချီဆရာတွေထပ်ပြီး ပေါ်ထွက်လာအောင် ရည်ရွယ်ချက်နဲ့ ဖားအံမှာ လုပ်ရတာဖြစ်ပါတယ်”ဟု စောမိုးဇက်က ပြောသည်။
ယင်းပြပွဲတွင် ခေတ်ပြိုင်ပန်းချီကားနှင့် သရုပ်ဖော်ပန်းချီ ကား ၄၀ကျော် ပြသရန် စီစဉ်ထားကာ ပန်းချီကား များ ကို သင့်တင့်သည့် စျေးနှုန်းဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။
ကရင်လူငယ်တစ်ဦးဖြစ်သူ စောထွန်းထွန်းက “ဖားအံမှာ ဒီလို ပန်းချီပြပွဲလုပ်မှာ ဖြစ်တဲ့အတွက်ဝမ်းသာမိ တယ်။ လိုအပ် တာရှိရင် ကူညီပေးဖို့ ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းက အဆိုပါ ပန်းချီပြပွဲတွင် ဖိတ်ကြားရေးအစီအစဉ်၊ ပန်းချီကားများနှင့် ပန်းချီရေးဆွဲရာတွင် အသုံးပြု သည့် ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ မြို့ခံစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ချိတ်ဆက်ခြင်း စသည်တို့ကို ကူညီလုပ်ဆောင်ပေးမည်ဟု ဆိုသည်။
ကရင်လူငယ်ပန်းချီဆရာများ စုစည်းပြသသည့် ယခုလို ပန်းချီပြပွဲကို ၂၀၁၁မှ ၂၀၁၃ခုနှစ်အထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ် ပန်းချီပြခန်း၌ သုံးကြိမ် ပြပွဲကျင်းပခဲ့ရာ အောင်မြင်မှု အထိုက်အလျောက် ရရှိခဲ့ကြောင်း ပြပွဲတွင် ပါ၀င်သည့် ပန်းချီ ဆရာများ၏ ပြောပြချက်အရ သိရသည်။