ချင်းအမျိုးသားပါတီ(CNP) ကို ချင်းအမျိုးသားတိုးတက်ရေးပါတီဟု အမည်ပြောင်းဖွဲ့စည်းရန် တင်ပြထား မှုအပေါ် ကန့်ကွက်သူရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေး မှူးဦးလှမောင်ချိုက ဒီဇင်ဘာ ၁၈ ရက်တွင် မဇိ်္စျမကို အတည်ပြု ပြောဆိုသည်။
“ကန့်ကွက်မှုတွေရှိတယ်။ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး ညွှန်ကြားချက်အတိုင်း လုပ်ရမှာပါ။ဘယ်လိုလုပ်မယ်ဆိုတာ ကော်မရှင်က ညွှန်ကြားပါလိမ့်မယ်”ဟု သူကပြောသည်။
ချင်းတိုးတက်ရေးပါတီ CPP နှင့် ပူးပေါင်းရေးဆိုင်ရာ ဆွေးနွေးမှုများ ပြေလည်မှုမရချိန်တွင် အဆိုပါပါတီ ဘက်မှ ပူးပေါင်းလိုသူအချို့ကို ထည့်သွင်း၍ ချင်းအမျိုးသားတိုးတက်ရေးပါတီအဖြစ် အမည်ပြောင်းရန် CNP ဘက်မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အမည်သစ်ပြောင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြပြီးချိန်တွင် CPP ဥက္ကဋ္ဌ ဦးနိုထန်ကပ်က ကန့်ကွက်သွားမည်ဟု မဇိ်္စျမကို ပြောသည်။
“ချင်းအမျိုးသားတိုးတက်ရေးပါတီလို့ နာမည်ပေးလိုက်တဲ့အတွက် ပါတီနှစ်ခု ပူးပေါင်းလိုက်သယောင် ဆင်တူရိုးမှားဖြစ်လာနိုင်တယ်။ ခုချိန်ထိ ပါတီနှစ်ခုက ညှိနှိုင်းလို့မရသေးလို့ မပူးပေါင်းရသေးဘူး။ တခြား နာမည်ပြောင်းဖို့ ကန့်ကွက်သွားမယ်”ဟု ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။
ချင်းအမျိုးသားပါတီ CNP ဘက်ကမူ ယခုကဲ့သို့ ကန့်ကွက်ခံရမှုအပေါ် ပြေလည်မှုရသည်အထိ ဆက်လက် ညှိနှိုင်းသွားမည်ဟု ပြောသည်။
“အများစုက သွားတဲ့အမြင်ချင်းတူတယ်။ ကျန်တဲ့သူကတော့ မပြောပလောက်တော့ဘူး။ တစ်ရာ ရာခိုင်နှုန်း မှာ ခုနှစ်ဆယ်ရာခိုင်နှုန်းက သဘောတူတယ်။ အချိန်ယူပြီး ပြန်ညှိမှာပါ”ဟု အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်က ဆိုသည်။